Thursday, March 27, 2008

Distinguishing Between Power and Leadership

အာဏာကို ဖြတ်လမ်းကလိုချင်တယ်၊ အချုပ်အခြာအာဏာ ကို ကာကွယ်ရမယ် အာဏာ --- အာဏာ --- ဆိုတဲ့ စကားလုံးနဲ့ ဒီမိုကရေစီမှာ ခေါင်းဆောင်မရှိရဆိုတဲ့ အရှက်မရှိအပေါစား အယူအဆတွေကို အာဏာရူးအောက်ဆွဲ ဘလော့ဂ်များမှာ အဆက်မပြတ်ဖော်ပြလေ့ရှိတာကို တွေ့ရတဲ့အတွက် အာဏာ နဲ့ ခေါင်းဆောင်မှုဆိုတာ ဘာလဲဆိုတာကို ကျွန်တော်လေ့လာမိသလောက် တင်ပြလိုက်ပါတယ်။
အာဏာရှိခြင်း ဆိုသည်နှင့် ခေါင်းဆောင်နိုင်ခြင်း စွမ်းရည်တို့ဟာ မတူညီတဲ့ အချက်(၂)ခုဖြစ်တယ်ဆိုတာ ခွဲခြား သိရပါမယ်။
အာဏာ (Power) ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အများကြီးထဲက ကျွန်တော် အခုယူထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကတော့ အာဏာဆိုသည်မှာ လူတစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဘယ်လိုစွမ်းရည်လဲဆိုတော့ ကြိုတင်ရည်ရွယ်ထားတဲ့ အဖြစ်အပျက် အကြောင်းအရာတစ်ခုခုကို လူအများနှင့်ဆက်ဆံခြင်းအား အခြေခံပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ စွမ်းရည် ကို အာဏာလို့ ခေါ်ပါတယ်။ မူကွဲ ဖွင့်ဆိုချက်တွေ အများကြီးရှိပါတယ်။
Weber ဆိုတဲ့ ပညာရှင်တစ်ယောက်ဖွင့်ဆိုခဲ့တာကတော့ လူ့အဖွဲ့အစည်းတစ်ခု အတွင်းမှာ ဆန့်ကျင်ကန့်ကွက်မှုတွေ အကြားက မိမိအလိုဆန္ဒအတိုင်း ပြုလုပ်နိုင်တဲ့ နေရာရယူထားသူဟာ အာဏာရှိသူ လို့ ဖွင့်ဆိုခဲ့ပြန်ပါတယ်။
ခေါင်းဆောင်မှု စွမ်းရည် (Leadership Ability) ဆိုတာကတော့ ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ကာ ထိုပန်းတိုင်သို့ရောက်ရှိ ရန်ချီတက်နေကြသည့် အဖွဲ့အစည်း (သို့) အုပ်စု တစ်ခု၏ လုပ်ငန်းဆောင်တာ များအား လွှမ်းမိုးနိုင်မှု စွမ်းရည် ဆိုတဲ့ အဓိပ္ပာယ် ရပါတယ်။
အာဏာ နဲ့ ခေါင်းဆောင်မှု (၂)မျိုးစလုံးဟာ အသွားအပြန် ရှိတဲ့အရာတွေဖြစ်ကြပါတယ်။ ဆိုလိုချင်တာကတော့
  • အာဏာ နဲ့ ခေါင်းဆောင်မှု (၂)ခုစလုံးမှာ လူတစ်ဦး တစ်ယောက်ကနေ တစ်ခြားတစ်ဦးတစ်ယောက် ကို ကူးလူးဆက်ဆံမှု ပြုရပါတယ်။
  • လူအများသာမန်နားလည်ထားကြတဲ့ ခေါင်းဆောင်မှု ရဲ့ အဓိပ္ပာယ် တွေအနက်က အရေးကြီးတဲ့ သိသာထင်ရှားမှု တစ်ခုရှိပါတယ်။ - ခေါင်းဆောင်ဆိုတာ ကိုယ်ကျိုးအတွက် (သို့) မိမိကိုယ်ကို စိတ်ကျေနပ်မှု ရဘို့အတွက် ထက် အများအကျိုး ၊ အဖွဲ့အစည်းရဲ့ အကျိုး ပန်းတိုင်ရောက်ဘို့ ကိုသာလျှင် ဦးစားပေးသည် ဆို တဲ့အချက်ပဲဖြစ်ပါတယ်။

အာဏာကို ကိုင်စွဲထားသူများအနေနဲ့ သူတို့ ရည်မှန်းထားတဲ့ ရလဒ် ကိုသာ ဦးစားပေးပါတယ်။

ခေါင်းဆောင်ဆိုတဲ့ သူတွေကတော့ ဘယ်လိုနေရာ ရာထူးမျိုးကိုမှ ရယူမထားတဲ့သူတွေ ဖြစ်တတ်ပါတယ်။ ဥပမာပေးရရင် (ဂန္ဒီ ၊ မာတင်လူသာကင်း ၊ အိုင်စတိုင်း) အစရှိတဲ့သူတွေဟာ ခေါင်းဆောင်တွေပါ။ ဒါပေမယ့် ခေါင်းဆောင်ဆိုသူများဟာ အဖွဲ့အစည်း တစ်ခုခုကို ရည်မှန်းချက် ပန်းတိုင်တွေချမှတ်ပြီး တော့အဲဒီ့ပန်းတိုင် တွေကို ရရှိ ၊ ရောက်ရှိအောင် အကူအညီပေးကြတဲ့ သူတွေဖြစ်ပါတယ်။

ခေါင်းဆောင်တိုင်းမှာ အာဏာရှိတယ်။ ဒါပေမယ့် အာဏာရှိသူတိုင်းဟာ ခေါင်းဆောင် မဟုတ်

အဖွဲ့အစည်းများ ပန်းတိုင်ချမှတ်ရာမှာ ပါဝင်ကူညီသူတွေကတော့ အာဏာနဲ့ ခေါင်းဆောင်မှု စွမ်းရည် (၂) မျိုးစလုံးကို အသုံးပြုကြပါတယ်။

ဘယ်သူ၊ ဘယ်လို၊ ဘယ်အချိန်၊ ဘာကြောင့် ခေါင်းဆောင်မှုများ ပေါ်ပေါက်လာရသလဲ အချက်တွေကို ဖြေရှင်းချက် ပေးတဲ့ သီအိုရီတွေရှိပါတယ်။

  1. မဟာလူသား သီအိုရီ (Great Man (sis) Theory) - လူတစ်ဦးချင်းစီရဲ့ ပုံစံ သို့ ၀ိသေသလက္ခဏာ (Characteristics) တွေပေါ်မှာ အခြေခံထားတဲ့ သီအိုရီဖြစ်ပါတယ်။
  • လူမှုအဆောက်အအုံတစ်ခု အတွင်းပါဝင်သည့် လူများ၏ ဥာဏ်ရည်၊ ဂုဏ်သိက္ခာ အစရှိသည့် အရည်အချင်းရှိမှု မရှိမှု အနည်းအများသည် မတူညီပါ။ ထိုကြောင့် လူများစုအား အရည်အချင်းသာသည့် လူ၏ ရှေ့ဆောင်မှုနောက်ကို လိုက်ကြရသည်။
  • အမြင်ကြွယ်ဝမှု၊ ပညာဥာဏ်ပြည့်စုံမှု၊ ပေါင်းသင်းဆက်ဆံရေး ချက်ချာရေလည်မှု တို့တွင် ပိုလျှံသည်ဟု (With excess amount) ပြောရလောက်အောင်ပင် အရည်အသွေးရှိသည့် လူတစ်ယောက် က အဖွဲ့အစည်း တစ်ခုခုအပေါ်တွင် သူကျွမ်းကျင်သည့် အရည်အချင်းများအား အသုံးပြု လာသောအချိန်တွင် ခေါင်းဆောင်မှု ပေါ်ထွန်းလာသည်။
  • ကျောရိုးအဖြစ်အခြေခံထားသည့် အယူအဆမှာ လူက သမိုင်းကိုရေး၍ သမိုင်းက လူကိုဆုံးဖြတ်ခြင်း (သို့) သမိုင်းကလူကိုရေးခြင်း မဟုတ် ဆိုသည့် အချက်ဖြစ်သည်။
  • ဥပမာအဖြစ်ပေးနိုင်သည့် သမိုင်းအထောက်အထားများမှာ နပိုလီယန်နှင့် ပြင်သစ်ခောတ်ပြောင်းတော် လှန်ရေး၊ ဂျော့ခ်ျ ၀ါရှင်တန်နှင့် အမေရိကန် သမိုင်း၊ ၁၆ရာစုနှစ်အတွင်းက လူသာ ဦးဆောင်ခဲ့သည့် ပရို တက်စတင့် ဘုရားကျောင်းများ ပေါ်ပေါက်လာသည့် ဘာသာရေးလှုပ်ရှားမှု၊ လီနင် နှင့် ထရော့စကီး (Trotsky) တို့ဦးဆောင်ခဲ့သည့် ၁၉၁၇ ရုရှား တော်လှန်ရေး၊ အိုင်စတိုင်းနှင့် ခောတ်သစ်ရူပဗေဒ ပညာရပ်၊ ဂန္ဒီနှင့် အိန္ဒိယ နိုင်ငံလွပ်လပ်ရေး ကြိုးပမ်းမှု၊ မာတင်လူသာကင်းနှင့် လူဖြူ လူမည်း မခွဲခြား ရေးလှုပ်ရှားမှု များသည် မဟာလူသားခေါင်းဆောင်မှု များမှပေါက်ဖွားလာသည်ဟု ဆိုနိုင်ပါသည်။
  • ခေါင်းဆောင်လိုသူရှိ၍သာ ခေါင်းဆောင်မှုပေါ်ပေါက်လာရသည်ဟု လုံးလုံးခံယူထားသည်။
  • ခေါင်းဆောင်ဖြစ်လာမည့်သူတစ်ယောက်သည် စိတ်နေစိတ်ထား ၊ အမူအရာအစရှိသည့် ထင်ရှားချက်များ ရှိ ၊ မရှိဆိုသည့် အချက်များအား စိတ်ပညာရှင်များရှာဖွေရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြ ပါသည်။ သို့သော် သိသာထင်ရှားလောက်သည့် အချက်များ ဖော်ထုတ်ဖွင့်ဆိုပြနိုင်ခြင်း မရှိခဲ့ကြသေးပါ။ - ခေါင်းဆောင်ဖြစ်လာသူများထံတွင် ယေဘုယျတွေ့ရှိရသည့် အချက်များမှာ - ထက်မြက်မှုရှိခြင်း (Smarter) ၊ ပတ်ဝန်းကျင်သစ်တစ်ခုနှင့် လျင်မြန်စွာ အံဝင်ခွင်ကျ ဖြစ်အောင် ပြုကျင့်နေထိုင်နိုင်ခြင်း ၊ လူအများနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း၊ အများတကာထက်ပိုပြီး သတင်းအချက်အလက်များအား ရှာဖွေစုဆောင်းနိုင်ခြင်း နှင့် ဖြန့်ဝေပေးမှုပြုနိုင်ခြင်း၊ ဖြစ်ပျက် သွားသည့် အကြောင်းအရာတစ်ခုခုအား ပထမဦးဆုံး ကောက်ချက်ပေးနိုင်သူ ၊ ပထမဦးဆုံး သိရှိနားလည်နိုင်သူ ဖြစ်ခြင်းစသည့် အချက်များသာ လျင်တွေ့ရှိရပါသည်။ (အမေရိကန်သမ္မတ ဂျော့(ခ်) ဘွတ်(ရှ်) ထံတွင် ထိုအရည်အချင်းများ တစ်ခုမှ မရှိဟု ဆိုကြပါသည်။ သို့သော် အခြား များစွာသော သမ္မတများထံတွင်လည်း ထိုအရည်အချင်းများ မရှိကြပါ။ ဖြစ်နိုင်ချေတစ်ခုမှာ ထိုသမ္မတ များသည် အာဏာရှိသူများသာ ဖြစ်ကာ ခေါင်းဆောင် မဟုတ်ဆိုသည့် အချက်သာ ဖြစ်ပါသည်။
  • အထက်ပါအရည်အချင်းများ ဖြစ်ပေါ်လာရခြင်းမှာ လူတစ်ဦးတစ်ယောက်အနေနှင့် အဆင့်အတန်းနေရာ (ရာထူး) တစ်ခုခုအား ရရှိရောက်ရှိသွား၍လား၊ သို့မဟုတ် ပတ်ဝန်းကျင် အခြေအနေကပြောင်းလဲ ပေး၍ ထိုကဲ့သို့သောလူ ဖြစ်သွားသည်လား ဆိုသည့် အချက်အား သိရှိရန်မှာ အလွန်ပင်ခက်ခဲသည်ဟု ပညာရှင်များ ယူဆထားကြပါသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်ပေါ်လာသည့် Causality (Cause and effect) အကျိုးတရား ၊ အကြောင်းတရားများသည် မည်သည့်နေရာတွင် ဇစ်မြစ်တည်နေပါသနည်း။

၂။ အခြေအနေ အချိန်အခါတို့နှင့်သာ သက်ဆိုင်သည်ဟု ယူဆသည့် ဥပဒေသ - (မဟာလူသား သီအိုရီနှင့် ပြောင်းပြန်ဖြစ်သည်)

  • အဓိကအခြေခံ ထားသည့် အယူအဆမှာ - သမိုင်းကသာလျှင် လူသားအား ပုံသွင်းသည် (History makes man)
  • အချိန်၊ နေရာ နှင့် အဖြစ်အပျက်အခြေအနေများပေါ်တွင်သာ မူတည်၍ ခေါင်းဆောင်များ ပေါ်ပေါက်လာရသည် (အဖြစ်အပျက်နှင့် ဖြစ်ပွားခဲ့သော အချိန်များ နှုတ်ထုတ်လိုက်ပါက ထိုခေါင်းဆောင်များ ပေါ်ပေါက်လာစရာအကြောင်းမရှိဟု ခံယူသည်)
  • ဤဥပဒေသက ခေါင်းဆောင်တစ်ဦးပေါ်ထွန်းလာရသည်ဆိုခြင်းမှာ ထိုသူတစ်ဦးတစ်ယောက်တည်း၏ ကိုယ်ရည်ကိုယ်သွေးကြောင့်မဟုတ်ပဲ အဖွဲ့တစ်ခု သို့ လူသားများအနေနှင့် လိုအပ်လာသည့် အချိန်၊ စိတ်ဆန္ဒများနှင့် မျှော်လင့်ချက် ထားရှိကြမှုများအပေါ်တွင် အရောင်တင်ဖော်ကျူးပေးနိုင်သည့် လူသားတစ်ဦးပေါ်ထွက် လာခြင်းမှ အစပြု၍ ခေါင်းဆောင်တစ်ယောက် ဖြစ်ပေါ်လာသည်ဆိုခြင်းကို ကျွန်တော်တို့ကိုယ်တိုင် မေးခွန်းထုတ်ကာ လေ့လာစမ်းစစ်ကြရန် ညွှန်ပြထားသည်။
  • မည်ကဲ့သို့ လူစားမျိုးဖြစ်သည်ဆိုခြင်းအား အရေးမထားပါ။ ဘယ်သူ၊ ဘယ်အချိန်မှာ ဘာ့ကြောင့် ခေါင်းဆောင်ဖြစ်လာရသလဲ ဆိုခြင်းကိုသာ အလေးထားပါသည်။ အဖွဲ့အစည်းတစ်ခုအကြောင်း ဂဂဏဏ သိရှိရန်နှင့် ထိုအဖွဲ့အစည်း၏ ရည်ရွယ်ချက် သို့ လိုအပ်ချက်မှာ ဘာဖြစ်သည်ဆိုခြင်းကိုသာ သိရှိရန် လိုအပ်ပါသည်။ ထိုအဖွဲ့အစည်း၏ လိုအပ်ချက်က မည်သူကခေါင်းဆောင်ဖြစ်နိုင်သည်ဆိုခြင်း နှင့် မည်သည့်အတွက်ကြောင့် ခေါင်းဆောင်ဖြစ်လာရသည်ဆိုသည့် အချက်အား ပြောပြနိုင်ပေလိမ့်မည်။

၃။ လူမှုရေးသိပ္ပံရှုထောင့် အမြင် သီအိုရီ (Sociological Theory)

  • မဟာလူသား သီအိုရီနှင့် ၀န်းကျင်ဆိုင်ရာ သီအိုရီ (သီအိုရီ ၁ နှင့် ၂) တို့ကို အတူအကွပေါင်းစည်းပေး သည့် အမြင်ဖြစ်သည်။
  • ခေါင်းဆောင်မှု ပေါ်ပေါက်လာရခြင်း၏ အခြေခံ အကြောင်းရင်း (၃) ရပ်မှာ (၁) ကိုယ်ရည်ကိုယ်သွေး (Personality) (၂) အဖွဲ့အစည်း တည်ဆောက်ထားသည့် သဘော သဘာဝ (nature of the group) နှင့် (၃) ထိုအဖွဲ့အစည်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြသနာများ နှင့် စိန်ခေါ်မှုများ ကြောင့်ဖြစ်သည်။
  • ခေါင်းဆောင်တစ်ဦး၏ ခေါင်းဆောင်မှုပေးချက် (သို့) လမ်းညွှန်ချက် သည် ထိရောက်သည့် အချိန်အခါ အခြေအနေများရှိသကဲ့သို့ တစ်ချို့နေရာများတွင် ဘာကြောင့်မအောင်မြင်ရသလဲ ဆိုသည့် မေးခွန်းကို ဤ သီအိုရီက အဖြေပေးပါသည်။
  • ခေါင်းဆောင် ၏ အရည်အချင်းပေါ်တွင်သာမက ထိုခေါင်းဆောင် ကြုံတွေ့နေရသည့် အခြေအနေ အချိန်အခါများကိုပါ ထည့်သွင်းစဉ်းစားသည်။

ဖြစ်ရပ်တစ်ခုအား စဉ်းစားကြည့်ကြပါစို့။

အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူများနှင့် သတင်းထောက်များ အခြေအတင် အငြင်းပွားနေကြသည်။ အငြင်းပွားရခြင်း အကြောင်းရင်းမှာ သတင်းထောက်များမှ ဒီအစိုးရ အမှားတွေ အများကြီးလုပ်ခဲ့တယ်ဆိုတာကို သမိုင်းက သက်သေထူလိမ့်မည် ဟု ပြောရေးဆိုခွင့်ရှိသူများအား ပြောကြားခဲ့သောကြောင့်ဖြစ်သည်။

ပြောရေးဆိုခွင့်ရှိသူမှ ပြန်လည်တုန့်ပြန်သည်မှာ မှားလိုက်လေမောင်ရင်ရယ် သမိုင်းကိုရေးနေတာက ငါတို့ကွဲ့ ဟူ၍ပါ။

  • အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ထောက်ပြလိုသည့်အချက်မှာ သူတို့ထံတွင် ဖြစ်ပျက်နေသည့် အခြေအနေများအား ထိန်းချုပ်နိုင်သည့် အာဏာ ပါဝါရှိသည်ဆိုသည့် အချက်အား ထင်ရှားစေလိုခြင်း ဖြစ်သည်။ (ဥပမာ - အီရတ် စစ်ပွဲအား အောင်မြင်အောင်တိုက်ခိုက်နိုင်ခြင်း)
  • သို့သော် သတင်းထောက် ဆိုလိုချင်သည်မှာ ထိုအစိုးရအား သူတို့ထိန်းချုပ်နိုင်ခဲ့သည့် အချက်များပေါ်တွင် ဆန်းစစ်မှုပြုလုပ်မည်မဟုတ်ပဲ သူတို့ မထိန်းချုပ်နိုင်ခဲ့သည့် အချက်များပေါ်တွင်သာ ဆန်းစစ်မှု ပြုလုပ်မည် ဟု ဆိုလိုလိုခြင်းသာဖြစ်သည်။
  • ရလာမည့် အကျိုးဆက်များ အား သမိုင်းပညာရှင်များက စောင့်ကြည့်နေကြမည်သာ ဖြစ်ပါသည်။

Sunday, March 16, 2008

Total Institutions Of Myanmar

မြန်မာပြည်ထဲမှာ ရှိတဲ့ Insitution တွေအားလုံးကို အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ စံနစ်တကျ ဖျက်ဆီးနိုင်ခဲ့ပြီးပြီ။ အခုကျန်ခဲ့တာဆို လို့ စစ်တပ်နဲ့ ဘာသာရေး ဆိုင်ရာ Institution (သံဃာ့နာယကအဖွဲ့အစည်းများအား ဆိုလိုဟန်တူပါသည်) တွေပဲကျန်တော့တယ်။ အဲဒီ့တော့ စစ်တပ်ကို ဖျက်လိုက်မယ်ဆိုရင်လဲ အဲဒီ့နိုင်ငံမှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး။ အဲဒီ့မြန်မာနိုင်ငံရဲ့ ပြသနာက သပွတ်အူထက် ရှုပ်တယ်ဗျ။ ကျွန်တော်တစ်ဦးတစ်ယောက်တည်း အနေနဲ့ အဲဒီ့ပြသနာကို ဖြေရှင်းဘို့နည်းလမ်းရှာပါလို့ ကျွန်တော့်ကိုလာခိုင်းရင် ကျွန်တော်မဖြေရှင်းတတ်ဘူး။ ကျွန်တော်ကတော့ အဲဒီ့မြန်မာပြည်ပြသနာဖြေရှင်းဘို့ကို လုံးဝလက်လျော့လိုက်ပါပြီ။ အခုတော့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ပြသနာအားလုံးကို နိုင်ငံရေးခြားရေးဝန်ကြီးဌာနနဲ့ပဲ ကျွန်တော်လွှဲအပ်ထားတော့တယ်။ - - - စင်ကာပူနိုင်ငံ ၀ါရင့် ၀န်ကြီးချုပ် မစ္စတာ လီကွမ်ယူ က အင်တာဗျူးတစ်ခုတွင် ပြောကြားသွားခဲ့သော စကားများ ဖြစ်ပါသည်။
မစ္စတာ လီကွမ်ယူ အနေနှင့် အဘယ်ကြောင့် Institution ဆိုသော စကားလုံးကို သုံးသွားရပါသလဲ။ Institution ဆိုသော စကားလုံး၏ အဓိပ္ပာယ်မှာ ဘာလဲ။ အစိုးရက မည်ကဲ့သို့ Institutions များအား ဖျက်ဆီးပစ်ခဲ့သနည်း။ မြန်မာနိုင်ငံ၏ ကျန်ရှိနေသော အဖွဲ့အစည်းကြီးများဖြစ်သည့် စစ်တပ်နှင့် သံဃာ့ အဖွဲ့အစည်းကြီးများသည် မည်ကဲ့သို့သော အဖွဲ့အစည်းကြီးများ ဖြစ်သလဲဆိုသည့် မေးခွန်းများ ကျွန်တော် မေးလိုက်မိပါသည်။ သိလိုသည့် အတွက် နောင်ဖြစ်လာသည့် အကျိုးဆက်မှာ လေ့လာရခြင်းပင် ဖြစ်ပါတော့သည်။ ကျွန်တော့် ဥာဏ်မှီသလောက်ကျွန်တော်အောက်တွင် ဆက်လက်တင်ပြပါမည်။ လိုအပ်ချက်များကို ဖြည့်ဆည်းကာ ပိုနေသည့်အချက်များအား လျော့ပေးတော်မူကြပါခင်ဗျား - - - -

Institution ဆိုသည်မှာ
ယေဘုယျအားဖြင့် Institution ဆိုသည်မှာ ရည်ရွယ်ချက် တစ်ခုခု (သို့) အစီအစဉ် Program တစ်ခုခုအား မြှင့်တင်လုပ်ကိုင်နိုင် ရန် မြုပ်နှံထားကြသူများ စုစည်းထားသည့် အဖွဲ့အစည်း ၊ တည်ဆောက်မှု အုတ်မြစ် ၊ လူမှုအသိုင်းအ၀န်းတစ်ခုအား Institution တစ်ခု အဖြစ်ခေါ်ဆိုနိုင်ပါသည်။ အများအားဖြင့် ပြည်သူလူထုတစ်ရပ်လုံး ၊ ပညာရေး၊ သို့မဟုတ် လူမှုရေး နှင့် ဆက်စပ်သက်ဆိုင်နေသည့် ဆက်ယှက်မှု ၀ိသေသလက္ခဏာများ Institution တိုင်းတွင် ရှိနေကြပါသည်။ Institution တစ်ခု၏၀ိသေသ လက္ခဏာအကြောင်း ထိုင်ရေးမည်ဆိုလျှင်ပင် စာ ၂ မျက်နှာ ကမည်မထင်ပါ။ အကျဉ်းသဘောသာ မှတ်လိုက်ကြပါစို့။ နိုင်ငံတော်အစိုးရများ၊ စတော့အိပ်ချိန်း နှင့် ဘဏ်များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ဘော်ဒါဆောင်များ၊ မိဘမဲ့ကလေးများ ဂေဟာ၊ အရူးထောင်၊ ထောင်၊ စစ်တပ်၊ ဘုန်းတော်ကြီး ကျောင်းများအားလုံးသည် Institution များဖြစ်ကြကာ ထိမ်းမြားမင်္ဂလာ ပြုခြင်းနှင့် အိမ်ထောင်စုတစ်ခုတည်ထောင်ခြင်း အားလည်း Institution တစ်ခုအဖြစ်သတ်မှတ်နိုင်ပါသည်။ နိုင်ငံတစ်ခုအတွင်းရှိ လူအများ၏ တွေးခေါ်မှု ၊ စိတ်ဓာတ်၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့် အမူအကျင့်များသည် အထက်ပါ Institution များတွင် ထင်ဟပ်နေလေ့ရှိပါသည်။ အပြန်အလှန်အားဖြင့် အထက်ပါ Institution များကြောင့်လည်း ထုံးတမ်းစဉ်လာ အမူအကျင့်များ ပြောင်းလဲ သွားနိုင်မည်ဟု ကျွန်တော်ထင်မှတ်မိပါသည်။ မစ္စတာ လီကွမ်ယူ ပြောကြားသွားသည့်အတိုင်းမှန်ကန်ပါက ကျွန်တော့်တို့မြန်မာနိုင်ငံတွင် ဘာများကျန်ပါတော့သနည်း?


Total Institutions
Total Institution ဟူသောစကားလုံးကို စတင်အသုံးပြုခဲ့သူမှာ Pennsylvania University မှ လူမှုရေးသိပ္ပံပညာရှင် ပရော်ဖက်ဆာ Erving Goffman ဖြစ်ပါသည်။ အကျဉ်းအားဖြင့် မှတ်ယူလိုက်ကြပါစို့။ အာဏာရယူရန် (သို့) လူများအား ထိန်းချုပ်ရန် အသုံးပြုသည့် နည်းလမ်းများရှိသည်။ Manipulation ဟုခေါ်သည့် အုပ်ချုပ်ရေးစံနစ်အသုံးပြုခြင်း၊ Persuation ဟုခေါ်သည့် သွေးဆောင်သိမ်းသွင်းခြင်း နှင့် ဖိနှိပ်ခြင်း (Force) အားအသုံးပြုခြင်းများဖြစ်သည်။ ထိုနည်းလမ်းများအနက် ဖိနှိပ်မှုပြုသည် ဆိုခြင်းတွင် ကိုယ်ထိလက်ရောက် ဖိနှိပ်ခြင်း (Direct Force) နှင့် စိတ်ပိုင်းဆိုင်ရာနှင့် Daily Life Activities များအား ထိန်းချုပ်ခြင်း (Indirect Force Methods) များအား အသုံးပြုခြင်း အစရှိသည်ဖြင့် ရှိသည်။ Total Institutions များအနက်မှတစ်ချို့သည် Indirect Force methods များအား အသုံးပြု၍ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ပိုင်အခွင့်အရေး ၊ တွေးခေါ်လွတ်လပ်မှု များကိုပါ ထိန်းချုပ်ရန် တည်ဆောက်ထားခြင်း သာ ဖြစ်ပါသည်။ ပထမဦးစွာ ဖိနှိပ်ချုပ်ချယ်မှု အား တိုက်ရိုက်မဟုတ်ပဲ မည်ကဲ့သို့ပြုလုပ်နိုင်သည်ဆိုခြင်းကို လေ့လာကြည့်ကြပါစို့။


ဖိနှိပ်ခြင်း (Force) အား တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်သောနည်းဖြင့် အသုံးပြုကာ လူတစ်ဦးတစ်ယောက် သို့ လူများစု၏ အပြုအမူ အကျင့်အကြံများနှင့် ဘ၀တစ်ခုလုံးကိုပါ ထိန်းချုပ်ခြင်း ပြုလုပ်နိုင်ပါသည်။

  1. နေ့တစ်ဓူဝ လုပ်ငန်းဆောင်တာအစီအစဉ်များအား အသေးစိတ် ဇယားရေးဆွဲပေးထားခြင်း
  2. အခြေအနေဖြစ်ရပ်တစ်ခုဖြစ်အောင် ဖန်တီးသည် (သို့) ၀န်းကျင်တစ်ခုတည်ဆောက်သည်။ ထိုဖြစ်ရပ် သို့ ပတ်ဝန်းကျင် အား ထိန်းချုပ်ကာ မိမိလိုအပ်သည့် ရလဒ်ထွက်ပေါ်လာအောင် ပုံသွင်းယူသည်။

Dehumanize ဖြစ်သည့် အဖွဲ့အစည်းတစ်ခုတည်ထောင်ပါ။ ဤနေရာတွင် Dehumanize ဆိုသော စကားလုံးမှာ အဓိပ္ပာယ်အများကြီး ထွက်ပါသည်။ တိုးတက်မှုမရှိသော၊ နိုင်ငံကြီးသားမပီသသော (Uncivilized)၊ ပြုပြင်ပြောင်းလဲမှုများ မရှိသော ၊ ပြုစုပျိုးထောင်မှုကင်းသော ၊ အသိပညာဖွဲ့ဖြိုးမှု မပေးစွမ်းသော အစရှိသည့် စကားလုံးတိုင်းသည် Dehumanize ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ Total Institution ဟူသော အဖွဲ့အစည်းများသည် ဤကဲ့သို့ နည်းလမ်းများဖြင့် တည်ထောင်ထားသော အဖွဲ့အစည်းများသာ ဖြစ်ကြပါသည်။ စံနစ်တကျ တည်ဆောက်ထားသော ပတ်ဝန်းကျင်အခြေအနေများသည် ထိုကဲ့သို့သော အဖွဲ့အစည်းဝင်များ၏ ဘ၀ကို လုံးဝနည်းပါးထိန်းချုပ် လိုက်ပါတော့သည်။

ဖိနှိပ်မှုပြုလုပ်ခြင်းဆိုရာတွင် ကိုယ်ထိလက်ရောက်ပြုလုပ်ရန်မလိုပါ။ ထိုကဲ့သို့ Total Institution များတည်ထောင် လိုက်ခြင်းအားဖြင့် ဖိနှိပ်မှုပြုလုပ်ခြင်းအား ဖိနှိပ်ခံရသူများအနေနှင့် လက်ခံလာနိုင်ကာ ထိုသူများအား ထိန်းချုပ်ခြင်း နှင့် ဖိနှိပ်ခြင်းကို လုံးဝနီးပါး လွယ်ကူစွာ ပြုလုပ်လာနိုင်ပေတော့သည်။

Total Institution တစ်ခု၏ ၀ိသေသလက္ခဏာများ

  • ဘ၀တစ်ခုလုံးနီးပါးပင် အုပ်ချုပ်သူတစ်ယောက်တည်း၏ လက်အောက်တွင်ရှိသည်။ (ဘ၀မြုပ်နှံထားရခြင်း)
  • နေ့တစ်ဓူဝလုပ်ငန်းစဉ်များသည် လူများစု ရှေ့မှောက်တွင် ပြုလုပ်ကြသည်။ (စုပေါင်း ကိုယ်လက်လှုပ်ရှား အားကစား)
  • တစ်နေ့တာလုပ်ငန်းစဉ်များအား ပြည့်ကျပ်စွာ အစီအစဉ်ဆွဲထားသည်။ (မနက် ၅ နာရီထပြေး၊ ၆နာရီမနက်စာစားစသည်)
  • ကြေညာသတ်မှတ်ထားသည့် ရည်မှန်းချက်တစ်ခု ပြည့်ဝရန်အတွက် ချမှတ်ထားသည့် အစီအစဉ် အချိန်ဇယားများနှင့် အမြဲပင် ချည်နှောင်ထားသည်။ (ဒီနေ့ ဒီရေကန်ကို ရေအပြည့်ဖြည့်ရမယ်)

Total Institution ထဲမှာ ဘာတွေဖြစ်ပျက်သလဲ

  • အဖွဲ့အစည်းတစ်ခုလုံးအား စောင့်ကြည့်နိုင်ရန် တည်ဆောက်ထားသည်။ လုပ်ကိုင်ဆိုင်ရွက်မှုဆိုင်ရာ များအားလုံး ပေါ်ပေါ်တင် တင်ပင်ပြုလုပ်ရသည်။
  • လူများစုဖြစ်သည့် လက်အောက်ခံများနှင့် လူနည်းစုဖြစ်သည့် အုပ်ချုပ်သူများ၏ အဆင့်အတန်းကွာခြားမှုမှာ အလွန်ပင် ကြီးမားသည်။ (လူမှုရေးဆက်ဆံမှုပြုလုပ်ရာတွင်ပင် အလွန်ဝေးကွာစွာ ပြုလုပ်မှုပြုရလေ့ရှိပါသည်) အဝေးကြီးကနေ အလေးပြုရတာမျိုးဖြစ်မှာပေါ့ခင်ဗျာ။
  • ပုံစံသွင်းသည့် ကာလ - (Process Of Motification) - ပုံစံသွင်းကာလတွင် လူတစ်ယောက်၏ အပြုအမူ အကျင့်စရိုက်အားလုံး (ငါ) ကို အစွဲချွတ်ပစ်ပါသည်။ ထိုအရာသည် လူကိုသတ်ခြင်းမဟုတ်ပဲ၊ စိတ်ဓာတ်အားရိုက်သတ်လိုက်ခြင်းသာဖြစ်သည်။ ထိုကဲ့သို့သော အကျင့်စရိုက်များရှိခြင်းသည် မကောင်းဟု ရိုက်သွင်းလိုက်သည်။ (ဥပမာ - အမိန့်မနာခံခြင်း၊ စည်းကမ်းမလိုက် နာခြင်း စသည်) မုန်းစရာတစ်ခုအဖြစ် မြင်လာအောင် ပြောင်းလဲလိုက်သည်။ (ဥပမာ - ထောင်ကျဘူးသူဆိုလျှင် လူတွေ ရှောင် ကြသကဲ့သို့ စိတ်ဓာတ်မျိုး)။ ထို့နောက်တွင် ထိုကဲ့သို့သော အဖွဲ့အစည်းဝင်များအနေနှင့် လူမှုရေး နှင့် ဆက်ဆိုင်နေသည့် အခန်းကဏ္ဏများတွင် ပါဝင်ပတ်သက်နေရသည့် ကျင့်ဝတ်များ စတင်ဆုံးရှုံးလာပါသည်။ လူအများနှင့် နေ့စဉ်ထိတွေ့ဆက်ဆံ နေရသည့် လုပ်ငန်းစဉ်များအား တစ်ခုမှ မကျန်တော့အောင် (မိသားစုအပါအ၀င်) တစ်ဖြည်းဖြည်းချင်းပင် ပြောင်းလဲပစ်ပါသည်။ နောက်ဆုံးတွင် လူမှုရေး ရှုထောင့်မှကြည့်လျင် လုံးဝ (Civil Death) အဆင့်သို့တိုင် ရောက်ရှိသွားကြပါတော့သည်။
  • စည်းကမ်းလိုက်နာမှုအား စမ်းသပ်ခြင်းများ - ထိုစမ်းသပ်ခြင်းများအား ထားရှိရခြင်း၏ရည်ရွယ်ချက်မှာ ချက်ခြင်းအပြစ်ပေးခြင်း ပြုလုပ်နိုင်ရန်နှင့် နောင်တစ်ခါ ထပ်မလုပ်ရဲအောင် ကြောက်လန့်နေစေရန် ခြိမ်းခြောက်မှု ပြုလုပ်သည့် ကိရိယာအဖြစ် အသုံးပြု နိုင်ရန် ဖြစ်သည်။
  • သွင်ပြင်လက္ခဏာအားပြောင်းလဲပစ်ခြင်း - လူများထံတွင် သိသာထင်ရှားလောက်သော အမူအကျင့်ကလေးများနှင့် နေထိုင်မှု ဟန်ပန်များရှိတတ်ကြပါသည်။ သွင်ပြင်ပြောင်းခြင်းဆိုသည်မှာ ထိုအရာများအား ပြောင်းလဲပစ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် တစ်သက်လုံး ကျန်ရစ်ခဲ့အောင်ပင် ပြောင်းလဲပစ်ပါသည်။ (ဥပမာ - ဆေးမင်ကြောင်နှင့် နံပါတ်ရေးထိုးထားခြင်း ။ ရှော့ ရိုက်ခြင်း နှင့် ခွဲစိတ်ပြောင်းလဲပစ်ခြင်းများ)
  • ကိုယ်တွင်းရေး (Privacy) အား ချိုးဖောက်ခြင်း - ဥပမာ မိမိကိုယ်ပိုင်အချက်အလက်များ အား လူအများအား အသိပေးရခြင်း။ လူသိမခံနိုင်သည့် မိမိအကျင့်များအား ဖွင့်ပြောခံရခြင်း။ အစားအစာ အတင်းကျွေးခြင်း။ ကျင်ကြီးကျင်ငယ် စွန့်မှုအား ထိန်းချုပ်ခြင်း။ အခြားသူတစ်ဦးတစ်ယောက်အား ကိုယ်ထိလက်ရောက် အကြမ်းဖက်ပြုမူရခြင်း။ ကိုယ်ခန္ဓာနှင့် ကိုယ်ပိုင်ပစ္စည်း များအားရှာဖွေမှုပြုလုပ်ခြင်း နှင့် ဖွဲ့စည်းပေးထားသော အဖွဲ့အစည်းများအား ရောထွေးပစ်ခြင်းစသည်။
  • ကိုယ်ပိုင်အပြုအမူများအား အရောင်ဆိုးခြင်း (Contamination of Conduct) - အာဏာပိုင်များသည် သင်နှင့်အကျွမ်းတ၀င် ဖြစ်အောင်အရင်ပြုလုပ်သည်။ ဥပမာ - နာမည် အပြည့်အစုံခေါ်မည့် အစား ရှေ့ဆုံးစကားလုံးဖြစ်သည့် မောင်အောင် စသည်ခေါ်ဆိုခြင်းမျိုး။ ထို့နောက်ထိုနာမည်ခေါ်ဆိုမှုရပ်ဆိုင်းကာ နာမည်ပြောင်ပေး လိုက်ခြင်းမျိုးများ။
  • မိမိနှင့်မအပ်စပ်သည့် နေရာအခြေအနေမျိုးတွင်ထားရှိခြင်း - ဥပမာ - တက္ကသိုလ်မှ ဆရာတစ်ဦးအား အထက်တန်းကျောင်း တစ်ခုတွင် တာဝန်ပေးသည်။ သို့သော်ထိုဆရာမှ အကြံဥာဏ်တင်ပြလာသေအခါတွင် ဒီဟာက အထက်တန်းကျောင်း တက္ကသိုလ်မဟုတ်ဘူး ဆရာပေးတဲ့အကြံအတိုင်းလုပ်လို့မရဘူးဟု ငြင်းပယ်လိုက်ခြင်းမျိုး ။ ရလဒ်အားဖြင့် ထိုကဲ့သို့အထားခံရသူများအနေနှင့် မိမိဘာလုပ်ရမည်ဆိုခြင်းအား ခွဲခြားသိရှိနိုင်ခြင်းမရှိတော့ပေ။
  • ရက်စက်ကြမ်းကြုတ်ခြင်း - Total Institution member တစ်ဦးအနေနှင့် မိမိခန္ဓာကိုယ် ကိုပင် မိမိထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် အခြေအနေဖြစ်အောင် နှိပ်စက်သည်။ ရလဒ်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အရည်အချင်း (Self Determination) ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။

ထိုကဲ့သို့ အသွင်ပြောင်းကာလပုံစံပေးမှုအောင်မြင်သွားမည်ဆိုပါက ပုံစံအသွင်းခံရသူများ၏ ဘ၀ဟောင်းသည် လုံးဝပျက်စီးပျောက်ကွယ် သွားကာ စိတ်သစ်၊ လူသစ်ဆိုရလောက်အောင် ပြောင်းလဲသွားပါသည်။ သို့သော် ရံဖန်ရံခါ အသစ်တစ်ဖန်မွေးဖွား မှု (new self) မရှိပဲ (old self) သည်သာလျှင် ပျက်စီးသွားသည့် အခြေအနေမျိုးလဲ ဖြစ်တတ်ပါသည်။ ထိုကဲ့သို့ ဖြစ်သွားသော သူများအနေနှင့် (Total Institution) ၏ပြင်ပတွင် နေထိုင်ကျင့်ကြံရန်မလွယ်ကူတော့ပါချေ။

Total Institution ကဲ့သို့သော အဖွဲ့အစည်းအများအတွင်းတွင် မည်ကဲ့သို့ နေထိုင်ကြသလဲ။ မည်ကဲ့သို့ လိုက်လျောညီထွေရှိအောင် ပြုမူကြသလဲ။

(၁) သွယ်ဝိုက်သည့်နည်းဖြင့် လိုက်လျောညီထွေရှိစေခြင်း (peer or secondary adjustment)

  • တားမြစ်ထားသည့် အရာများတွင် မွေ့လျော်ခြင်း များပြုသည်။ (ဥပမာ - ဖဲရိုက်ခြင်း) ထိုကဲ့သို့သော အလုပ်များတွင် မွေ့လျော်နေလျှင် ထိုသူသည် ထိန်းချုပ်မှုအောက်တွင်ပင်ရှိနေသေးသည်။
  • အဖွဲ့ငယ်များအတွင်းတွင် အဆင့်တစ်ခုခုပေးထားခြင်း။
  • အာဏာပိုင်များအား တိုက်ရိုက်စိန်ခေါ်မှု မလုပ်ခြင်း

(၂) မိမိကိုယ်ကို ပြောင်းလဲပစ်ခြင်းအားဖြင့် လိုက်လျောညီထွေရှိစေခြင်း (personnal adjustment)

  • လူအများနှင့် တစ်ဖြည်းဖြည်းကင်းကွာလာကာ ပုန်ကန်လိုလာခြင်း (withdraws & oppositional)
  • နေရာပြောင်းခြင်း (colonization) အများဆုံးဖြစ်လေ့ရှိသည့် ပြုပြင်ပြောင်းလဲမှုဖြစ်သည်။ တစ်ခြားတစ်နေရာရာသို့ အခြေချ ပြောင်းရွှေ့မှုပြုကြသည်။ (သို့) ပြင်ပကမ္ဘာ မှ Institution တစ်ခုခု၏ အကာအကွယ်ပေးမှုအား တောင်းဆိုလာကြသည်။
  • စံပြအကျဉ်းခံများ (Converted) - ချုပ်ခြယ်သူများက ပြန်လည်၍ သဘောကျလောက်အောင်ပင် ဖိနှိပ်ခြင်းအား ကောင်းကောင်းကြီးခံယူပါတော့သည်။
  • အထီးကျန် နေကြခြင်း - အေးအေးဆေးဆေးနေကြသည်ဟု သူတို့ကိုသူတို့ ခံယူထားကြသည်။ သို့သော် ကိုယ်ပိုင်အရည်အသွေး (Self) ထိုသူများထံတွင် မရှိတော့ပါ။

ဆွေးနွေးချက်များ

Institutionalization ဆိုသော စကားလုံးကို ဘားမားတူဒေး ဆောင်းပါးများမှ ကိုအောင်မိုးဝင်းရေးသားထားသည့် ဆောင်းပါးတစ်ခုတွင် ထပ်မံတွေ့ရှိလိုက်ရပါသည်။ ကျွန်တော်ကိုးကားထားသည့် စာတမ်းပါ အချက်အလက်များမှာ မြန်မာနိုင်ငံအားဦးတည်၍ ရေးသားထားခြင်းမဟုတ်ပါ။ သို့သော် ထိုစာတမ်းပါအချက်အလက်များ တော်တော်များများ ကျွန်တော်တို့နှင့် လာ၍ကိုက်ညီနေသည် ကို ၀မ်းနည်းဖွယ်ရာတွေ့ခဲ့ရပါသည်။ ဥပမာ မြန်မာနိုင်ငံမှလူများ အလောင်းအစား ၀ါသနာပါကြခြင်း (လိုက်လျောညီထွေရှိရန် ကျင့်ကြံမှု) ၊ အထီးကျန်ဆန် စိတ်ဓာတ်ကျမှုများများပြားလာခြင်း (Personnal Adjustment)၊ ဒုက္ခသည်အဖြစ်ခံယူကြသူများ၊ နိုင်ငံခြားထွက်အလုပ်လုပ်လိုသူများ၊ စသည်ဖြင့်။ သို့သော် ထိုသူများအားလုံးအနေနှင့် မိမိကိုယ်မိမိ (Self) ပျောက်ဆုံးနေပြီဆိုသည့်အချက်ကို သတိပြုမိသူ တော်တော်နည်းပါးလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်တို့ အချက်အလက် စုံစုံလင်လင်ခိုင်ခိုင်မာမာနှင့် အောက်ပါအချက်များအား ဆွေးနွေးမှု ပြုနိုင်လျင် ကောင်းမည်ဟုထင်ပါသည်။ မတူသောအမြင်များ ပေးပို့ကြပါခင်ဗျား။

  1. မြန်မာနိုင်ငံတစ်နိုင်ငံလုံးအား လူတစ်စုကထိန်းချုပ်ထားသည့် (Total Institution) ကြီးတစ်ခုအဖြစ်ရှုမြင်နိုင်သည်။
  2. ကျွန်တော်တို့အားလုံးသည် ထို Total Institution ကြီးအောက်တွင် လိုက်လျောညီထွေရှိရန် အတိုးလျော့လုပ်နေကြရသည့် သူများသာ ဖြစ်သည်။
  3. ပုံစံသွင်းခံထားရသော စစ်သားများအနေနှင့် မည်ကဲ့သို့ ပြင်ပ လူ့အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေရှိအောင် ကျွန်တော်တို့ မည်ကဲ့သို့ နည်းလမ်းရှာဖွေနိုင်မည်နည်း။ စစ်သားများသည် သူတို့ကိုသူတို့ ထိုကဲ့သို့ပုံစံအပြောင်းခံ ထားရသည်ဆိုခြင်းအား သိရှိပါ၏လော။
  4. Total Institution ပုံစံမဟုတ်ပဲ တရားမျှတ၍ စည်းကမ်းသေ၀ပ်သော အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် မည်ကဲ့သို့သော နည်းလမ်းများကို အသုံးပြုရမည်နည်း။

Friday, March 14, 2008

Greeting (or) A flap of a Seagull's Wing

ကျွန်တော့် ရင်ထဲတွင် အမြဲတမ်း ထပ်တလဲလဲ မေးနေခဲ့သော မေးခွန်းတစ်ခု ရှိခဲ့ပါသည်။ ယခုလဲ ရှိနေဆဲပါ။ ထိုမေးခွန်းမှာ ပူးပေါင်းဆောင်ရွက်မှု (Cooperation) အပိုင်းတွင် အဘယ့်အတွက်ကြောင့် မြန်မာများ အားနည်းရသလဲ ဆိုသည့်အချက်ပင်ဖြစ်ပါသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်သွားခဲ့သော အခြေအနေများ အကြောင်းကို တစ်ကမ္ဘာလုံး သိကြပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူ အားလုံး ထိုအဖြစ်အပျက်၏ ရိုက်ခတ်မှုကို ခံစားကြရပါသည်။ ကျွန်တော် တစ်ဦးတစ်ယောက်အနေနှင့် ပြောပြရပါလျှင် စိတ်ကျရောဂါ (Depression) ဖိစီးမှုကို အကြီးအကျယ်ခံစားလိုက်ရပါသည်။ စိတ်ပညာသဘောတရားအရ စိတ်ကျရောဂါ (Depression) ဆိုသည်မှာ အဖြစ်အပျက် အကြောင်းတရားတစ်ခုခုကြောင့် ကာလရှည်ကြာစွာ ပြင်းပြင်းထန်ထန် ၀မ်းနည်းပူဆွေးမှု ဖြစ်ရခြင်းပင် ဖြစ်ပါသည်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်အား ကျွန်တော်သိရှိသည်မှာ သိပ်မကြာလှသေးပါ။ ထိုအတိုင်းသာမှန်ပါက ကျွန်တော်တို့ ခံစားရသည်မှာ မြန်မာပြည်တွင်းမှ အဖြစ်အပျက်များ အတွက် ၀မ်းနည်းပူဆွေးရခြင်းသာ ဖြစ်ပါလိမ့်မည်။
ကျွန်တော် ပထမဆုံး ရေးသားခဲ့သည့် စာကြောင်းကို အကျဉ်းပြန်၍ဆက်လိုပါသည်။ နည်းပညာပိုင်း ဆိုင်ရာသာမက လူမှုရေးနှင့် နိုင်ငံရေး သည်လည်း သိပ္ပံပညာရပ်တစ်ခု ဖြစ်သည်ဟု ကျွန်တော့်အနေနှင့် ခံယူထားခဲ့ခြင်းရှိပါသည်။ အမှန်အတိုင်းဆိုရပါလျှင် ကျွန်တော်သည် ကြိမ်ဖန်များစွာ စိတ်ဓာတ်ကျတတ်သူ တစ်ယောက်သာဖြစ်ပါသည်။ ထိုစိတ်ကျရောဂါအား ကုစားရန်အတွက် မိမိကိုယ်ကို သိပ္ပံနည်းကျ ဆန်းစစ်ခြင်း လေ့လာခြင်းမှ အစပြုကာ အဘယ့်အတွက်ကြောင့် မြန်မာပြည်သူများ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် အားနည်းရသနည်းဆိုသည့် အဖြေကို ပေးနိုင်သည့် ဖြေရှင်းချက်တစ်ခုအား တွေ့ရှိခဲ့ပါသည်။ (ဤဖြေရှင်းချက်များသည် ဤဘလော့ဂ်ပေါ်တွင် ကျွန်တော်ပထမဆုံးရေးသော စာဖြစ်ပါလိမ့်မည်)။ ထိုကဲ့သို့ကျွန်တော်ထင်မြင်မိသည့် အချက် မှန်မမှန်ဆိုခြင်းကို သိရှိလိုရာမှ အစပြုပြီး မှတစ်ဆင့် ဆင့်ကဲ ဆင့်ကဲ စဉ်းစားမိကာ နောက်ဆုံးတွင် ဘလော့ဂ်ရေးရန် အကြံအစည်ဖြစ်လာသည် ဆိုခြင်းကို ကျွန်တော် ၀န်ခံရပါမည်။
ဘလော့ဂ် ဆိုသော စကားလုံးကို ကျွန်တော့်အနေနှင့် ယခင်က အကျွမ်းတ၀င်မရှိခဲ့ပါ။ မြန်မာနိုင်ငံတွင်း သတင်းများအား သတင်းဝက်ဘ်ဆိုဒ်များမှသာ သိရှိခဲ့ရပါသည်။ ၂၀၀၇ ၊ စက်တင်ဘာနောက်ပိုင်းတွင် ဘလော့ဂ် တော်တော်များများနှင့် အကျွမ်းတ၀င်ဖြစ်လာခဲ့ရပါသည်။ သတင်းအချက်အလက် စီးဆင်းမှုတွင် ဘလော့ဂ်ဂါ များအဓိကအခန်းမှ ပါဝင်ခဲ့သည်ဆိုခြင်းကို မည်သူမှ ငြင်းဆန်၍ မရပါ။ ကျွန်တော်လက်လှမ်းမီသမျှ ဘလော့ဂ်များသည် ဘာသာရေး ၊ နိုင်ငံရေး နှင့် သတင်းဖြန့်ဖြူးရေး ဦးစားပေးဘလော့ဂ်များ ဖြစ်ကြပါသည်။ ကျွန်တော့်အနေနှင့် အသိပညာဖြန့်ဖြူးပေးသော ၊ Think Tank သဘောမျိုး ဆောင်သော ဘလော့ဂ် တစ်ခု ပေါက်ဖွားလာအောင် ၊ ထိုမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသော ၊ မြန်မာလူမျိုးများ ပေါက်ဖွား လာအောင် သေးငယ်သော တောင်ပံရိုက်ချက်ကလေးတစ်ခုကို အစပြုလိုက်ပါပြီ။
ရွှေလက်ခုပ်တီး၍အားပေးတော်မူကြပါ ခင်ဗျား - - - - -