Saturday, January 3, 2009

Is there tyranny in Myanmar?

ကမ္ဘာ့နိုင်ငံအသီးသီးမှာကျင့်သုံးနေကြတဲ့ အုပ်ချုပ်မှုစံနစ်များကို နှိုင်းယှဉ်မှုကြရာမှာ ပြသနာတက်ကြတဲ့အရာတစ်ခုက အုပ်ချုပ်မှုစံနစ်တစ်ခုကို တိတိကျကျနဲ့ အဓိပ္ပာယ်သတ်မှတ် ပြီးတော့ ခေါ်ဆိုလို့ မရတာပဲဖြစ်ပါတယ်။ ယခုခောတ် နိုင်ငံရေးသိပ္ပံပညာရှင်များဟာ ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့ အဆိုးရွားဆုံးလို့ ခေါ်လို့ရတဲ့ အုပ်ချုပ်မှု စံနစ်များ၊ အဲဒီ့စံနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံများကို အရှိကို အရှိအတိုင်း ခေါ်ဆိုသတ်မှတ်ကြဘို့ နောက်တွန့်နေကြဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် Tyranny လို့ခေါ်တဲ့ ဆိုးညစ်လွန်းလှတဲ့ အုပ်ချုပ်မှုစံနစ်နဲ့၊ အဲဒီ့စံနစ်ကို ကျင့်သုံးအုပ်ချုပ်ကြတဲ့ အာဏာရှင်တွေကို ပုံစံဖော်ပြကြတဲ့ နေရာမှာ ယခုမျက်မှောက်ခေတ် နိုင်ငံရေး သိပ္ပံပညာရှင်များရဲ့ ချယ်မှုန်းဖော်ပြမှုဟာ ရှေးခေတ်နိုင်ငံရေးသိပ္ပံပညာရှင်များဖြစ်တဲ့ အရစ္စတိုတယ် ၊ လေ(လ်)လား (Lilla) အစရှိသူတို့ရဲ့ ချယ်မှုန်းဖော်ပြမှုနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာကို လက်ခံကြရမှာပါ။
အရက်စက်ဆုံး ၊ အကြမ်းကြုတ်ဆုံး စံနစ်များနဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံများရဲ့ အုပ်ချုပ်မှုပုံစံ တွေကို သင့်တင့်မျှတတဲ့၊ အလယ်အလတ် ကျကျ အုပ်ချုပ်မှုပုံစံ များအဖြစ်ပြောင်းလဲလာစေရေး ဆိုတဲ့ ပေါ်လစီဟာ အနောက်လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံများအတွင်းက နိုင်ငံခြားရေးဆိုင်ရာ မူဝါဒချမှတ်သူ များရဲ့ တူညီစွာ စွဲကိုင်ထားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အရစ္စတိုတယ်ရေးသားခဲ့တဲ့ အုပ်ချုပ်ရေးစံနစ်တစ်ခုရဲ့ တည်ငြိမ်မှုနဲ့ တရားရေး စံနစ်များ တိုးတက်ကောင်းမွန်လာရေး အဆိုအမိန့်တွေဟာ ယခုလက်ရှိအချိန်အထိ အသုံးဝင်နေဆဲဖြစ်ပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် စံနစ်များ အား အပြောင်းအလဲပြုလုပ်ရာမှာ အသုံးဝင်မှုရှိတယ်လို့ ဆိုကြပါတယ်။ အရစ္စတိုတယ်အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ အာဏာရှင်စံနစ်များအကြောင်းကို အနည်းငယ်လေ့လာ လိုက်ကြရအောင်လားခင်ဗျား။

၁ - Hereditary tyranny လို့ခေါ်တဲ့ အာဏာရှင်တစ်ဆက်ကနေ နောက်တစ်ဆက် ဆင်းသက်လာတဲ့ အုပ်ချုပ်မှု
- ဘုရင်တစ်ပါးကဲ့သို့ အာဏာထပ်တူရှိသည်။
- အာဏာရှင်၏အုပ်ချုပ်မှုကိုအုပ်ချုပ်ခံ လူတန်းစားများက လက်သင့်ခံမှုရှိသည်
- အရှင်သခင့် အလိုသဘောအတိုင်းပင် အုပ်ချုပ်သည်။
- အုပ်ချုပ်သူမှာ အများအားဖြင့် လုပ်ပိုင်ခွင့်အာဏာအပြည့်အ၀ရှိသည့် ပဒေသရာဇ် ဧကရာဇ်များ
- အချုပ်အခြာအာဏာသည် ဥပဒေအပေါ်တွင်သာအခြေခံသည်
- ကျွန်ပိုင်ရှင်စံနစ်ကဲ့သို့ ပုံစံမျိုးနှင့် ခပ်ဆင်ဆင်ဖြစ်သည်။
- တည်ငြိမ်မှုရှိသည်

၂ - Elective Tyranny ဟုခေါ်သည့် ရွေးကောက်တင်မြောက်ခြင်း ခံထားရသည့် အာဏာရှင်
- ဘုရင်တစ်ပါးကဲ့သို့ အာဏာထပ်တူရှိသည်။
- အာဏာရှင်၏အုပ်ချုပ်မှုကိုအုပ်ချုပ်ခံ လူတန်းစားများက လက်သင့်ခံမှုရှိသည်
- အရှင်သခင့် အလိုသဘောအတိုင်းပင် အုပ်ချုပ်သည်။
- အုပ်ချုပ်သူမှာ ရွေးကောက်တင်မြောက်ခံထားရသည့် အာဏာရှင်ဖြစ်သည်။ (တစ်သက်လုံး ရာထူးယူထားခြင်း)
- အချုပ်အခြာအာဏာသည် ဥပဒေအပေါ်တွင်သာအခြေခံသည်
- ရှေးခေတ်ဂရိနိုင်ငံများတွင် Elective Tyranny စံနစ်တည်ရှိခဲ့သည်။

၃ - Common brutish tyranny (အများဆုံးတွေ့ရလေ့ရှိသည့် ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်စံနစ်)
- သက်ဦးဆံပိုင် အကြွင်းမဲ့ အာဏာရှင် ဘုရင်စံနစ်နှင့် တူသည်
- အုပ်ချုပ်ခံလူတန်းစားများ၏ ထောက်ခံမှုမရရှိပါ။
- အရှင်သခင့် အလိုသဘောအတိုင်းပင် အုပ်ချုပ်သည်။
- ရွေးကောက်တင်မြောက်ထားခြင်း၊ အမွေလက်ခံရယူထားသည့် အာဏာမျိုးမရှိ
- အချုပ်အခြာအာဏာသည် ဥပဒေနှင့်အညီ အုပ်ချုပ်ထားခြင်းမဟုတ်
- အလုံးစုံနီးပါး ရက်စက်စွာပင် ထိန်းချုပ်မှုပြုထားသည်။

အထက်ပါ အာဏာရှင် စံနစ် သုံးမျိုးသုံးစားထဲမှာ မြန်မာနိုင်ငံဟာ common brutish tyranny ထဲမှာ ပါဝင်နေတယ်ဆိုတာ သိသာထင်ရှားစွာမြင်နိုင်ပါတယ်။ အရစ္စတိုတယ်ရဲ့ အဆိုအမိန့်များနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ချိန်ထိုးကြည့်လိုက်ကြရအောင်လားခင်ဗျာ။

အခြားသူများထက် သာလွန်ထူးချွန်သောသူများကို ဖယ်ရှားပြီး အတွေးအခေါ်မြင့်မားသူများအား သုတ်သင်ပါ။ လူစုလူဝေးနှင့်ပြုလုပ်သော အစည်းအဝေးများ၊ အသင်းအဖွဲ့များ နှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များ ၊ သို့မဟုတ် ထိုကဲ့သို့ သဘောတရားရေးရာရှိသော ကိစ္စရပ်များ ဆောင်ရွက်ခြင်းအား လုံးဝခွင့်မပြုရန်၊ အတွေးအခေါ်မြင့်မားမှုနှင့် လူတစ်ဦးနှင့် တစ်ဦးယုံကြည်မှုပေါ်ပေါက်လာနေစေနိုင် သည့် အရာအားလုံးအား တင်းတင်းကျပ်ကျပ်စောင့်ကြည့်ရန်။ အားလပ်ချိန်အတွင်းပြုလုပ်သည့် ဆွေးနွေးပွဲများအား ခွင့်မပြုရန်၊ သို့မဟုတ် အားလပ်ချိန်နှင့်ဆက်စပ်နေသည့် တွေ့ဆုံမှုများ ပိတ်ပင်ရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာဆက်ဆံခြင်း မပြုနိုင်ရန်၊ အသိဥာဏ်တုံးနိုင်သမျှတုံးစေရန် ဆောင်ရွက်ပါ။ အသိဥာဏ်ပညာသည် တစ်ဦးနှင့် တစ်ဦးယုံကြည်မှုကို ပေါ်ပေါက်လာစေနိုင်သော ကြောင့် အသိဥာဏ်တိုးပွားလာစေနိုင်သည့် အရာဟူသမျှအား ပိတ်ပင်ပါ။
အရစ္စတိုတယ် (နိုင်ငံရေး စာစဉ် ၅၊ 1313a40-1313b6)
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လက်စတုံးပစ်တာတွေ၊ နိုင်ငံရေးအရ ဆန့်ကျင်ဘက်တွေကို နှိပ်ကွပ်ပစ်တာတွေဟာ တပ် - မတော် ရဲ့ အုပ်ချုပ်မှုစံနစ်အောက်က ဖြစ်ရိုးဖြစ်စဉ်များသာ ဖြစ်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးတာ၊ သတ်ပစ်တာနဲ့ နေ့မြင်ညပျောက်ဖြစ်သွားရ တာတွေဟာ မြန်မာနိုင်မှာ မရေမတွက်နိုင်လောက်အောင်ကို အများကြီးပါပဲ။ လူငါးဦးထက် ပိုမစုရဘူးဆိုတဲ့ အမိန့် နဲ့ နိုင်ငံရေးပါတီတွေက ပါတီဝင်တွေကို နှောက်ယှက်မှုပြုတာတွေဟာ အရစ္စတိုတယ်တောင် ထိုင်ငိုသွားရအောင်ကို မြန်မာအဆိုးရက ပြောင်ပြောင်မြောက်မြောက်ကြီး ပြုလုပ်ပြခဲ့ပြီးဖြစ်ပါတယ်။
အတွေးအခေါ်မြင့်မားမှုနဲ့ တစ်ဦးကိုတစ်ဦးယုံကြည်မှုဆိုတာရော မြန်မာတွေရဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ရှိပါသလားခင်ဗျား။
မြန်မာပြည်ရဲ့ Social Capital လို့ခေါ်တဲ့ လူတန်းစားတစ်ခုနဲ့ သက်ဆိုင်တဲ့ အရင်းအမြစ် အပိုင်းမှာ ကြီးမားပြင်းထန်တဲ့ ပြသနာကြီးတစ်ခုကတော့ လူတစ်ဦးကိုတစ်ဦး ယုံကြည်နိုင်မှုမရှိခြင်းဟာ ကြီးမားကျယ်ပြန့်လွန်းနေတာပဲဖြစ်ပါတယ်တဲ့။ အဲဒီလိုတစ်ဦးကို တစ်ဦးယုံကြည်နိုင်မှုမရှိနိုင်ရတဲ့ အကြောင်းရင်းကတော့ မြန်မာပြည်က ကလေးငယ်များကို သင်ကြားပေးနေတဲ့ ပညာရေးစံနစ်က ကလေးငယ်တွေကို သူတို့ မိသားစုဝင်တွေကိုပဲ ယုံကြည်ပြီးတော့ သစ္စာရှိဘို့နဲ့ လူစိမ်းမှန်သမျှကို သံသယအမြင်နဲ့ မြင်စေဘို့အတွက် ပဲ အခြေခံထားပြီးအလေးပေးဆောင်ရွက်ထားခြင်းကြောင့်ပဲ ဖြစ်ပါတယ်လို့ဆိုပါတယ်။
အဲဒီ့အတွက်ကြောင့် နောက်ထပ်ရလာတဲ့အကျိုးဆက်ကတော့ မြန်မာတွေဟာ objective လို့ခေါ်တဲ့ ရည်ရွယ်ချက်တစ်ခုကို ချမှတ်ပြီးတော့ လုပ်ကိုင်တဲ့ အလုပ်မျိုးတွေ ၊ လူတွေရဲ့ ဆက်ဆံရေးစံနစ်တွေ အတွက် စည်းကမ်းတစ်ကျချမှတ်ထားတဲ့ စံနစ်ပုံစံတွေနဲ့ ကြုံတွေလာရတဲ့အခါမှာ သဟဇာတမဖြစ်ကြ တော့ဘူုးလို့ဆိုပါတယ်။ အဲဒီ့ မြန်မာပြည်ရဲ့ လူမှုအသိုင်းအ၀ိုင်းကြားမှာ ရှင်သန်နေတဲ့ တစ်ဦးကိုတစ်ဦး ယုံကြည်နိုင်မှုကင်းမဲ့ခြင်းကြောင့်ပဲ မြန်မာတွေဟာ အသင်းအဖွဲ့တွေ၊ အပေါ်မှာ တစ်ကယ်တမ်း သစ္စာရှိစွာ ပေးအပ်စတမ်း၊ ဆောင်ရွက်ကြစတမ်းဆိုတဲ့အခါမှာ ဘယ်လိုမှ အဆင်ပြေပြေ လုပ်ကိုင်နိုင်တာ မရှိသလောက်ရှားပါးလာရခြင်းပဲဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ လူမျိုးစုသေးသေးကလေးအပေါ်၊ ရွာနီးချုပ်စပ်အဖွဲ့လောက်သာ သစ္စာရှိနိုင်ပြီးတော့ ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံရေးအသင်းအဖွဲ့လိုမျိုးမှာ ညီညီညွတ်ညွတ်၊ အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ဘို့ဆိုတာ ရှားလှပါတယ်ခင်ဗျား။ ဒီအချက်တွေအားလုံးရဲ့ ပင်မရေသောက်မြစ်က မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ်ဆိုရင် ကျွန်တော်တို့ဆိုတာ မှားနိုင်မယ်မထင်ပါဘူးခင်ဗျား - - -