တရုတ်ပြည်ကြီး စီးပွားရေးအရဖွံ့ ဖြိုးတိုးတက်လာဘို့အတွက်ကို ခေတ်အဆက်ဆက်က တရုတ်ခေါင်းဆောင်များ ကြိုးစားခဲ့ကြပါတယ်။
၁၉၅၈ခုနှစ် ဇန်န၀ါရီလအတွင်းမှာ ကျင်းပခဲ့တဲ့ နန်နင်းညီလာခံမှာ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး မော်စီတုံးဟာ တရုတ်ပြည်ကြီး ဖွံ့ ဖြိုးတိုးတက်အောင် လုပ်မဲ့ ခေတ်ပြောင်း တော်လှန်ရေး စီမံကိန်းကြီးကို ချပြခဲ့ပါတယ်။ခေတ်ပြောင်းတော်လှန်ရေးကြီးရဲ့ အဓိကရည်မှန်း ချက် အကြံအစည်ကတော့ တရုတ်ပြည်ကြီးရဲ့ စက်မှုကဏ္ဏနဲ့ လယ်ယာကဏ္ဏ နှစ်ခုတို့ဟာ တစ်ပြိုင်နက်ထဲ အရှိန်အဟုန်နဲ့ ဖွံ့ ဖြိုးတိုးတက်လာစေရမယ်ဆိုတဲ့ အကြံအစည်နဲ့ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ မော်စီတုံးမျှော်လင့်ခဲ့တာကတော့ တရုတ်ပြည်ရဲ့ ဈေးနှုန်းချိုသာပြီး ပေါပေါများများရရှိနိုင်တဲ့ လုပ်သားအင်အားကို အခြေခံပြီးတော့ ပြည်ပကနေတင်သွင်းနေရတဲ့ စက်ကိရိယာကြီးတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီးတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းမယ်ဆိုတာလိုမျိုး ၊ စက်မှုကဏ္ဏကို ဖွံ့ ဖြိုးတိုးတက်လာစေလိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။
အဲဒါမျိုးရည်မှန်းချက်အောင်မြင်ဘို့အတွက် ပထမဆုံး လုပ်ဆောင်ဘို့လိုအပ်တယ်လို့ မော်စီတုံး တွက်ဆခဲ့တာက ရုရှား စတိုင် ဘုံရိပ်သာတွေ ထူထောင်ရမယ် ဆိုပြီးတော့ပါ။ ၁၉၅၈ခုနှစ် ပေါ်လစ်ဗျူရို အစည်းအဝေး အပြီးမှာ တရုတ်ပြည်ရဲ့ ကျေးလက်ဒေသ စီးပွားရေးနဲ့ နိုင်ငံရေး ဆိုင်ရာ လှုပ်ရှားမှုတွေဟာ ဘုံရိပ်သာတွေအပေါ်မှာ အခြေခံရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။
ဘုံရိပ်သာ တစ်ခုကို အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော်အထိပါဝင်တဲ့ ဘုံရိပ်သာပေါင်း ၂၅၀၀၀ ခန့် တည်ထောင်ခဲ့ပြီးတော့ အဲဒီ့ဘုံရိပ်သာတွေထဲမှာ ငွေကြေးအစား Work Point လို့ခေါ်တဲ့ လုပ်အား အမှတ်တွေနဲ့ အသုံးပြုပြီး သုံးစွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ့ဘုံရိပ်သာတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခဲ့ပြီးတော့ လယ်ယာစိုက်ပျိုးရေးသာမက အသေးစား စက်မှုလုပ်ငန်းများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။
မော်စီတုံးဟာ ကောက်ပဲသီးနှံထုတ်လုပ်မှုနဲ့ သံနဲ့ သံမဏိထုတ်လုပ်မှုဟာ တိုင်းပြည် စီးပွားရေးရဲ့ အဓိကကျတဲ့ ဒေါက်တိုင်ကြီးများအဖြစ် ယူဆခဲ့ပါတယ်။
ဒီလိုမှတ်ယူခဲ့လို့ပဲ နောင်၁၅နှစ်တာကာလအတွင်းမှာ တရုတ်ပြည်ရဲ့ သံမဏိထုတ်လုပ်မှုဟာ ဗြိတိန်နိုင်ငံရဲ့ သံမဏိထုတ်လုပ်မှုထက် သာလွန်ရမယ်လို့ မော်စီတုံး မျှော်လင့်ခဲ့ပါတယ်။ အဲဒီ့အတွက်ကြောင့်ပဲ တရုတ်ပြည်ရဲ့ သံမဏိထုတ်လုပ်မှုဟာ ၁၉၅၈ ခုနှစ်အတွင်းမှာကိုပဲ နှစ်ဆတိုးထုတ်ဘို့ ညွှန်ကြားတော့တာပါပဲ။
မော်စီတုံး ဒါမျိုး ဘာ့ကြောင့်ညွှန်ကြားခဲ့သလဲဆိုတော့ အန်ဟွေးပြည်နယ်စုရဲ့ မြို့တော် ဟာ့ဖေးမှာ အဲဒီ့က ကွန်မြူနစ်ပါတီအတွင်းရေးမှူး ကျန်းစီရှန်း က မော်စီတုံးကို သံမဏိ ထုတ်လုပ်နိုင်တဲ့ မီးဖိုကြီးတစ်ခုကို လက်တွေ့သရုပ်ပြ ပြီး အရည်အသွေးမြင့် သံမဏိတွေ ထုတ်ပြခဲ့လို့ပါပဲ။ ဒါပေမဲ့ အဲဒီ့မီးဖိုကြီးဟာ အိမ်တိုင်းအိမ်တိုင်းရဲ့ နောက်ဖေးမှာ တည်လို့ရတဲ့ မီးဖိုကြီးပါ။
အဲဒီ့မီးဖိုကြီးရဲ့ အောင်မြင်မှုကြောင့် မော်စီတုံးဟာ ဘုံရိပ်သာတွေတိုင်းမှာ မြို့ ပြဒေသမှာရှိတဲ့ အိမ်တွေရဲ့ အိမ်နောက်ဖေးတွေမှာ သံမဏိထုတ်လုပ်နိုင်တဲ့ မီးဖိုတွေ တည်ထောင်ဘို့ တွန်းအား ပေးပါတော့တယ်။ ဒါပေမဲ့ အဲဒီ့မီးဖိုတွေ ထဲမှာ ထည့်ဘို့ ကုန်ကြမ်းက သံတိုသံစတွေဖြစ်ပြီး တော့ အသုံးပြုတဲ့ လောင်စာဟာ ထင်းကို အသုံးပြုကြပါတယ်။ လက်တွေ့ နဲ့ မကိုက်ညီနိုင်တဲ့ သံမဏိထုတ်လုပ်မှု ကို ပြည့် မှီနိုင်ဘို့အတွက် သန်းပေါင်းများစွာသော ကျေးလက်နေတရုတ် များဟာ မိမိတို့လုပ်ကိုင်နေတဲ့ လယ်ယာမြေကို ပစ်ပြီးတော့ သံမဏိထုတ်လုပ်မှု စီမံကိန်းကြီးမှာ ပါဝင်ကြရပါတော့တယ်။ ကုန်ကြမ်းအတွက် ချက်ပြုတ်နေတဲ့ အိုးခွက်ကအစ ရှေးဟောင်း ပစ္စည်းပါမကျန် ထည့် ပြီး သံရည်ကျိုကြပါတော့တယ်။ ထင်းအတွက်ဆိုရင် တောပြုန်းအောင် ခုတ်ယုံသာမက ခြံစည်းရိုးနဲ့ အိမ်တံခါးပါမကျန် ထင်းလုပ်ပစ်ကြတော့ ပါတဲ့ ခင်ဗျား - -
လယ်ယာသီးနှံ စိုက်ပျိုးရေးအတွက် အန္တရာယ်ဖြစ်ဖွယ်ကောင်းလောက်အောင် တောပြုန်းမှု တွေဖြစ်နေခဲ့ပေမဲ့ တရုတ်ပြည်ရဲ့ လယ်ယာထွက်ကုန် ထွက်ရှိမှုဟာ ၁၉၅၈ ခုနှစ်မှာ ကောင်းမွန် ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ထွက်ရှိလာတဲ့ သီးနှံတွေကို ရိတ်သိမ်းမဲ့ လယ်သမားတွေဟာ သံမဏိထုတ် နေရတဲ့ အတွက်ကြောင့်မို့ လို့ ထွက်ရှိလာတဲ့ သီးနှံတွေကို ရိတ်သိမ်းမှု မပြုနိုင်ပဲ ပုတ်သိုး ပျက်စီးကုန်ကြပါတယ်။ ပိုပြီးဆိုးတာက ကျိုင်းကောင်အုပ်တွေကျရောက်လာပြီးတော့ သီးနှံခင်းတွေကို ဖျက်ဆီးမှုကြောင့်ပါပဲ။
၁၉၅၉ ခုနှစ်နဲ့ ၁၉၆၀ ပြည့် နှစ်တွေမှာတော့ ရာသီဥတုကလဲ ဖောက်ပြန်၊ ထွက်နှုန်းတွေကလဲ ကျပြီးတော့ တရုတ်ပြည်ကြီး အငတ်ဘေးဆိုက်တော့တာပါပဲ။ လူသန်းပေါင်း ၂၀ ကနေ ၄၃ သန်းအတွင်း ဒီအငတ်ဘေးကြောင့် သေကြေပျက်စီးခဲ့ရပါတယ်။ ဒီလိုငတ်မွတ်တဲ့အတွက် တစ်ချို့ ပြည်နယ်တွေမှာ လူသားတောင် ပြန်စားကြတဲ့ အဖြစ်အပျက်တွေရှိခဲ့ကြတယ်လို့ဆို ပါတယ်။
ဒီစီမံကိန်းကြီး မအောင်မြင်နိုင်မှန်း သတိပေးခဲ့ကြတဲ့ ကာကွယ်ရေးဝန်ကြီး မာရှယ် ပန်ဒါ့ဟွေ လိုလူမျိုးကိုတော့ မော်စီတုံးဟာ ရာထူးကဖယ်ရှားခြင်းတွေ ၊ လက်ယာယိမ်းလို့ စွပ်စွဲခြင်းတွေကို မော်စီတုံးပြုလုပ်ခဲ့ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်မှန်းသိတော့မှ မော်စီတုံးဟာ ဒီစီမံကိန်းကြီးကို တိတ်တဆိတ် စွန့်လွှတ်ခဲ့ပါတော့တယ်။
ကျွန်တော်တို့ ဘယ်လိုသင်ခန်းစာတွေများ ယူနိုင်ကြသလဲခင်ဗျာ - -
မော်စီတုံးဟာ သံနဲ့ သံမဏိအကြောင်း နကန်းတစ်လုံးမှ မသိဘူးဆိုတာရယ်
တရုတ်ပြည်ရဲ့ တိုင်းမှူးကြီးတစ်ယောက်ဖြစ်တဲ့ ကျန်းစီရှန်း ပြခဲ့တဲ့သံမဏိတွေဟာ တစ်ခြားနေရာက ယူလာပြီးတော့ အဲဒီ့မီးဖိုကြီးထဲ ထည့် ပြခဲ့တယ်ဆိုတာရယ်
မော်စီတုံးရဲ့ ဆရာဝန် လီရှီစူးရဲ့ ပြောဆိုချက်အရ သံမဏိထုတ်လုပ်ချင်ရင် စက်ရုံကြီးတွေမှာ သာထုတ်လုပ်နိုင်တယ်ဆိုတဲ့ အသိကို မော်စီတုံးဟာ မန်ချူးရီးယားက သံမဏိလုပ်ငန်းတွေ မှာ ကြည့် ရှုပြီးတော့မှ သိရှိခဲ့တယ်ဆိုတာရယ်
ကျန်းစီရှန်းရဲ့ မီးဖိုကြီးလိုမျိုး က ထွက်လာနိုင်တဲ့ သံဟာ စီးပွားရေးအရ တန်ဘိုး လုံးဝမရှိတဲ့ သံကြွပ်တွေပဲဖြစ်တယ်ဆိုတာရယ်
ကျိုင်းကောင်အုပ်များကြရောက်ရတဲ့ အန္တရာယ်ဟာ မော်စီတုံး ရဲ့ ရူးကြောင်ကြောင် လူတစ်ယောက် စာကလေးတစ်ကောင်သတ်ပစ်ရေး စီမံကိန်းကြီးရဲ့ အကျိုးဆက်ကြောင့် ကျိုင်းကောင်များကို နှိမ်နင်းနိုင်မဲ့ စာကလေးများ လျော့နည်းကုန်တဲ့အတွက် ဖြစ်ရတယ် ဆိုတာ - - - ဒါမျိုး ၊ ဒါမျိုး သင်ခန်းစာတွေကို
ဒီဇယ်တစ်ပုံး ကြက်ဆူဆီ တစ်ဇွန်းစာ ထည့်ပြီးမောင်းနေတဲ့ မီးခိုးမဲတွေ တစ်လူလူထနေတဲ့ အင်ဂျင် ကြီးတွေကို ပြုံးဖြီးဖြီးနဲ့ ကြည့်နေတဲ့ ခွေးသူတောင်းစားတွေ ယူတတ်မယ်ဆိုရင်
ခြံရောင်း ၊ နွားရောင်း ကြက်ဆူမျိုးစေ့ကို သောင်းချီ၊ သိန်းချီပေးစိုက်ပြီးတော့ သားသမီး ပညာမသင်နိုင်၊ မယား ဇနီး ပ၀ါမဆင်နိုင်ဖြစ်နေရှာတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများ ခံစားနေရတဲ့ ဒုက္ခ လျော့ပါးလာနိုင်မယ် မဟုတ်ဘူးလား ခင်ဗျား။







