Tuesday, April 1, 2008

Calling for discussion to the Gov Officer selection Committee's best minds



လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက မြန်မာပြည်က ပညာတော်သင်လွှတ်လိုက်လို့ ရုရှားမှာရောက်နေတဲ့ လူတွေထဲက တစ်ယောက်နဲ့ Chat Room တစ်ခုထဲမှာ ကျွန်တော်စကားပြော ခဲ့ဘူးပါတယ်။ ကျွန်တော့်အနေနဲ့ Chatting လုပ်လေ့လုပ်ထ မရှိပါဘူး။ အဲဒီတုန်းက ဘယ်ကဘယ်လို အဲဒီသူနဲ့ တွေ့သွားတယ်ဆိုတာတောင် မေ့နေပါပြီ။ သူကကျွန်တော့်ကို ပြောပါတယ်။ မြန်မာနိုင်ငံကြီး တိုးတက်စေချင်လို့ လာပြီးပညာသင်နေတာပါတဲ့။ လယ်ယာသုံး စက်ပစ္စည်း တွေထုတ်ဘို့လာပြီးသင်နေတာပါလို့ဆိုပါတယ်။ အဲဒီလူ အခုဘယ်မှာ ဘာတွေလုပ်နေသလဲ ဆိုတာတော့ ကျွန်တော်မသိပါဘူး။ အမှန်တစ်ကယ် အကျိုးပြုနိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

မနေ့က ကျွန်တော်တို့ရဲ့ ဘလော့ဂ်ထဲမှာ ရာဇဋ္ဌာနီ လင့်(ခ်) တစ်ခု ၀င်ထားသွားလို့ ဖတ်ကြည့်ဖြစ်ခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ နဲ့သက်ဆိုင်တဲ့ သိသင့်ဖွယ်ရာ အချက်အလက်တွေ ကိုရေးထားတာပါ။ အကြောင်းအရာအရ ကောင်းပါတယ်။ ဒါပေမယ့် ငါ့စကားနွားရ စာလုံးတစ်ခုဖြစ်တဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က စုဆောင်းလေ့ကျင့် ထားတဲ့ လူတော်လူကောင်းတွေ အများကြီး ရှိတယ် ဆိုတဲ့ ဟာသလိုလို သဘာဝလိုလို စာကြောင်း တစ်ခုကို မှန် မမှန် သိလိုတဲ့အတွက် ထိုလူတော်လူကောင်းများနဲ့ ဆွေးနွေး ပြီးတော့ သူတို့ထံမှ ပညာသင်ယူ လိုစိတ်ပေါ်လာတဲ့အတွက် ဒီ Post ကလေးကို တင်လိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျား။


ကျွန်တော်တို့အလုပ်လုပ်နေတဲ့ စက်ရုံမှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက ပြသနာတစ်ခုတက်ပါတယ်။ အခုလက်ရှိအလုပ်လုပ်နေတဲ့ စက်ရုပ်အမျိုးအစားတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီက ထုပ်လုပ်မှု ရပ်ဆိုင်းလိုက် လို့ပါ။ အခုအသုံးပြုနေတဲ့ စက်ရုပ်တွေရဲ့ သက်တမ်းက (၁၀)နှစ်ကျော်လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် ဒါမျိုးနည်းပညာတောင်မှ ခေတ်မမှီတော့ဘူးဆိုတာ လူတော်လူကောင်းများ သိကြမယ် လို့ ကျွန်တော် မှတ်ယူထားပါတယ်။ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဒါမျိုးကိစ္စတွေက ကြုံတွေ့နေကြပါ။ စက်ရုပ်ပေါင်း ရာနဲ့ချီပြီးတော့ရှိတဲ့ ကျွန်တော်တို့ စက်ရုံမှာ အားလုံးကို ဖြုတ်လဲရရင်လဲ ဒေါ်လာ သန်း(၃၀) လောက်ကုန်သွားမယ်ဆိုတော့ လက်ရှိစက်ရုပ်တွေ အလုပ်လုပ်နေတဲ့ အလုပ်မျိုးလဲ လုပ်နိုင်၊ ကုန်ကျစားရိတ်လဲ သက်သာမယ့် စက်ရုပ်အစားထိုး စက်ရုပ်တစ်ခု လုပ်ဘို့အတွက် ကျွန်တော်တို့ကို တာဝန်ပေးလာပါတယ်။


ကျွန်တော် ရှေ့မဆက်မှီ ပြောထားချင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ လူတော် လူကောင်းများ မဟုတ်ဘူး ဆိုတာပါပဲ။ ဘာ့အတွက်ကြောင့် လူတော်မဟုတ်ဘူးလို့ ပြောချင်သလဲဆိုတော့ ကျွန်တော်တို့ထက် အများကြီးပိုတော်တဲ့သူတွေ ရှိတယ်၊ ကျွန်တော်တို့ ဘာမှ မသိ ၊ မတတ်ဘူးဆိုတာကို သိနေလို့ပါပဲ။ ဘာဖြစ်လို့ လူကောင်းမဟုတ်ဘူး လို့ပြောရသလဲဆိုတော့ ကျွန်တော်တို့ အရက်သောက်ပါတယ်။ တစ်ခါတစ်လေလဲ ဖဲရိုက်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ခွေးစာကျွေးတာ ၊ ဆက်ကြေးပေးတာ ကလွဲလို့ ဘာဆိုဘာမှ အကျိုး
မဆောင်နိုင်ခဲ့သေးပါဘူး။ ဒါကြောင့် လူကောင်းများမဟုတ်ကြပါဘူး။


အဲဒီလို တာဝန်ပေးလာတဲ့ အတွက် ကြောင့် အပေါ်ညာဘက်ထောင့်မှာ မြင်ရတဲ့ ပုံစံအတိုင်း ခပ်ပေါပေါစက်ရုပ်တစ်ခုကို ကျွန်တော် (၃) ရက်ကြာအချိန်ယူပြီးတော့ ဒီဇိုင်းထုတ်ခဲ့ရပါတယ်။ အောက်ဆုံး ကအညိုရောင် ခပ်ရှည်ရှည် ကလေးက မော်တာကလေးပါ။ တရုပ်ပြည်လုပ် ၁၀ ဖိုး ၅ လုံး (ဥပမာ ပေးတာနော်) ထက်နဲနဲပဲသာတဲ့ Servo Motor ကလေးပါ။ မြန်မာငွေ ၁၀ သိန်းလောက်ပေးရင် အဲဒါမျိုး (Control Card) မပါ မော်တာ (၁) လုံးရပါပြီ။ ပထမဆုံးအနေနဲ့ အဲဒီ မော်တာကလေးကို ကိုယ် (၁) ပေနေရာမှာ ရပ်ချင်ရင် အတိအကျရပ်အောင် ဘယ်လို ထိန်းမယ်ဆိုတဲ့ အကြောင်းကို လူတော်လူကောင်းများနဲ့ ဆွေးနွေးလိုပါတယ်။ ကျွန်တော်ဘာ့ကြောင့်ဆွေးနွေးချင်ရသလဲဆိုတဲ့ အချက်ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ ဆောက်ပြီးတော့ ခိုးနေကြတဲ့ (အဲလေ မဟုတ်ပါဘူး) ထုတ်လုပ်မှုလုပ်ငန်းတွေ လုပ်နေကြတဲ့ ဘိလပ်မြေစက်ရုံကြီးတွေ၊ ဘာစက်ရုံညာစက်ရုံ ညုကလိယာ စက်ရုံကြီးတွေရဲ့ Control System တစ်ခုလုံးဟာ အခုနကျွန်တော်ပြောတဲ့ မော်တာကလေးကို ထိန်းချုပ်တဲ့ စံနစ်တွေနဲ့ ပုံစံတူ ထိန်းချုပ်ရလို့ပဲဖြစ်ပါတယ်။ PLC (Programmable Logic Controller) လို့ခေါ်တဲ့ အထူး ကွန်ပျူတာ စံနစ်သုံးပြီးတော့ ထိန်းချုပ်ရတယ်ဆိုတာကို ကျွန်တော် သေသေချာချာ ပြောနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားက ဒေါ်လာငွေသန်းရာပေါင်းများစွာချေး၊ စက်ရုံကြီးတွေဆောက်၊ ထွက်လာတဲ့ ကုန်တွေကိုခိုး၊ သုံးနေတဲ့စက်က အထီးမှန်းအမမှန်းမသိ ၊ စက်ပြင်စရာရှိလို့ ငွေကုန်ပြီဆိုရင် ပြည်သူ့ အခွန်ငွေတွေထဲက မတန်တစ်ဆ ဈေးတွေနဲ့ ပေးရ၊ လုပ်နေတဲ့ လူတော်လူကောင်းတွေက မည်ကဲ့သို့သော လူတော်လူကောင်းဟု ခေါ်ဆိုရမည်မှန်းမသိ လောက်အောင် တော်ကြ၊ ကောင်းကြတော့ ကိုယ်ဆောက်ထားတဲ့စက်ရုံ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကျွန်တော် လူတော်များဆီက သင်ယူနိုင်မယ်ဆိုရင်တော့ ကျွန်တော် သိန်း (၅၀၀၀၀၀၀) ထီပေါက်သလိုပဲနေမှာပေါ့ဗျာ။
အစိမ်းနုရောင်နဲ့ ဟာကလေးကတော့ (Ball Reducer) လို့ခေါ်ပါတယ်။ အဲဒါကလေးဘယ်လို အလုပ်လုပ် သလဲဆိုတာကိုလဲ ကျွန်တော် လူတော်လူကောင်းများဆီက သင်ယူလိုပါတယ်။ ကျွန်တော်တို့ ဒီမော်တာတွေ အရှိန်ထိန်းတဲ့နေရာမှာ အသုံးများတဲ့ ပစ္စည်းနောက်တစ်ခုဖြစ်တဲ့ (Harmonic Drive) လို့ခေါ်တဲ့ ပစ္စည်းကလေး အလုပ်လုပ်ပုံကိုလဲ ကျွန်တော်သိလိုပါသေးတယ်။ (Simple Harmonic Motion Theory) ကလေးကိုပဲ ရှင်းပြပေးနိုင်ရင် ကျွန်တော်တို့ အများကြီးကျေနပ်လှပါပြီ၊
အနီရောင်ရှည်ရှည်ကလေးတွေကတော့ မော်တာနဲ့ ၀က်အူရှည် (Ball Screw) တွဲထားတာတွေပါပဲ။ ထိန်းချုပ်ပုံ ကတော့မော်တာထိန်းတာနဲ့ အတူတူပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ ပြသနာတက်နိုင်တာက အဲဒီ့စက်ရုပ်တွေ အမှတ်တစ်ခုကနေ နောက်အမှတ်တစ်ခု ကိုသွားနိုင်ဘို့ဆိုရင် အဲဒီ့စက်ရုပ်မှာပါတဲ့ အစိတ်အပိုင်းတွေအားလုံး ဟန်ချက်ညီညီလှုပ်ရှားရတာပါပဲ။ အဲဒီ့ ဟန်ချက်ညီညီလှုပ်ရှားဘို့အတွက် ထိန်းချုပ်မှုကိုလဲ အခုနကျွန်တော်ပြောခဲ့တဲ့ (PLC) တွေထဲမှာ ပရိုဂရမ်ရေး ပြီးတော့ ထိန်းချုပ်ရတာပါပဲ။ မော်တာတစ်ခုထဲကို ထိန်းနိုင်အောင်ပရိုဂရမ် ရေးဘို့ နဲနဲခက်ပါတယ်။ အားလုံး အချက်ညီညီထိန်းနိုင်အောင် ပရိုဂရမ်ရေးမယ်ဆိုရင်တော့် နဲနဲ အဆင့် (၂)လောက်အထိခက်ပါတယ်။ အဲဒီ့ ပရိုဂရမ် အကြောင်းကို လဲ လူတော်လူကောင်းများနဲ့ ကျွန်တော်တို့ ဆွေးနွေးချင်ပါသေးတယ်။
အရမ်းရှည်သွားပါလိမ့်မယ်။ ကျွန်တော်အဆုံးသတ်ပါ့မယ်။ ကြက်ဆူဆီနဲ့ မောင်းမယ့် လယ်ထွန်စက်ထုတ်မယ့် ပညာရှင်ကြီးများ ကခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော်တို့ တတ်သမျှပညာလေးတွေနဲ့ တိုင်းပြည်ကို ကောင်းကျိုး ပြုချင်ပါသေးတယ်။ (ပုံစံထုတ်တာလေး၊ အင်ဂျင်လုပ်တာလေးလောက်ဖြစ်ဖြစ်ပေါ့) ၊ ကျွန်တော်တို့ အထက်မြန်မာပြည်စက်မှုလက်မှု ပြပွဲမှာပြသွားတဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဋ္ဌာန က အထူးတီထွင်ထားတဲ့ မီးရောင်တစ်ဝင်းဝင်းနဲ့ အင်ဂျင်ကြီးက အားရစရာကြီးပါ။ (အင်ဂျင်ထုတ်တာလားဆိုတော့ မဟုတ်ဘူးတဲ့၊ အဲဒီအင်ဂျင်နဲ့ ဆက်ထား တီထွင်ထားတဲ့ မော်တော်ကားမီးပေးစံနစ်ကြီးကို ပြသနေတာဆိုပဲ) ။ ဒါပေမယ့် ကျွန်တော်တို့ကို တစ်လ မြန်မာငွေ အနည်းဆုံး ၅သိန်းလောက်တော့ အောက်ထစ်ပေးမှ ရပါမယ်။ အခုကုန်ဈေးနှုန်းနဲ့ အဲဒီ့လောက်လစာငွေဟာ မငတ်ယုံတစ်မယ်ပဲ ကျွန်တော်တို့ စားရမှာပါ။ ကားဝယ်၊ အိမ်ပိုင် နိုင်ဘို့ဆိုတာကတော့ ဝေလာဝေးပေါ့။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို တစ်ကယ်ချစ်တဲ့အတွက် အဲဒီ့လောက် ကျွန်တော်တို့ ရမယ်ဆိုရင် ကျွန်တော်တို့ အလွန်ပျော်ပါတယ်ခင်ဗျာ။ ကျန်တာတွေကို ကျွန်တော်တို့ တိုင်းပြည် အတွက် ပေးဆပ်တယ်လို့ ခံယူနိုင်ပါတယ်။ ဒါပေမယ့် တစ်လ လခ ၅ သောင်း ၁သိန်း၊ မငတ်ချင်ရင် ခိုးစား စံနစ်နဲ့ ဆိုရင်တော့ လူကောင်းမဟုတ်တဲ့ အဆင့်ကနေ လူယုတ်မာ သူခိုးအဆင့်ကို မရောက်ချင်သေးတဲ့ အတွက် ဒီထက်ပိုဆိုးတဲ့တစ်ခုက မင်းအတတ်ဆန်းတယ် ထောင်ထဲသွား လို့ပို့တာကို မခံနိုင်သေးတဲ့အတွက် စဉ်းစားဘို့ အချိန်နဲနဲပေးပါဦးခင်ဗျား။
P.S လူတော်လူကောင်းကြီးတွေ နုကလိယာ စက်ရုံမှာ ယူရေနီယံကို လက်တွေနဲ့ ကိုင်နေတယ်ကြားတယ်။ အဲဒါသေတတ်ပါတယ်ခင်ဗျာ။ လူတော်လူကောင်းတွေများနေတဲ့အတွက် ဒီလောက်သေတာကတော့ အပျော့ ဆိုရင်တော့ ကိစ္စမရှိပါ။ ဒါမှမဟုတ်လို့ ခေါင်းဆောင်ကြီးများက လက်အောက်ငယ်သားတွေကို တစ်ကယ်တန်ဘိုးထားတယ်၊ အလေးထားတယ်ဆိုရင် (Handler Robot) ကလေးတွေအသုံးပြုကြဘို့ အကြံပြုလိုပါတယ်။ စက်ရုပ်တစ်ခုကို မြန်မာငွေ သိန်း(၁၀၀) နှုန်းနဲ့ ကျွန်တော်တို့ မေတ္တာနဲ့ အချိန်ပေး တည်ဆောက်ပေးပါ့မယ်ခင်ဗျား။ မှတ်ချက် - နိုင်ငံခြားမှာပါက အနည်းဆုံး (၃) ဆကုန်ပါမည်။
မိမိကိုယ်မိမိ လူတော်လူကောင်းမဟုတ်သေးဟု ခံယူထားသူများ လုပ်ငန်းခွင်ဆက်စပ်မှုရှိပါက ကျွန်တော်တို့ ဆွေးနွေးလိုပါတယ်။ C-Box ထဲမှာ မက်ဆေ့ဂ်ျကလေး ချန်ထားပေးခဲ့ကြပါ။ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျား။ နိုင်ငံတော်ကို တည်ဆောက်နိုင်တဲ့ အုတ်ကလေးတစ်ချပ် သဲကလေးတစ် ပွင့် တစ်ချိန်ချိန်မှာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

6 comments:

Anonymous said...

Ko Country Builder ကြီး
အရမ်းတော်တာဘဲဗျာ။ စက်ရှုတ်ကြီး တီထွင်တာ--
လောကဓါတ်ပညာတွေက အံ့မခန်းဘဲနော်--
ခင်ဗျားလိုဘဲ ---ကျနော်တို့ ဒဂုံမြောက်မှာ ဘွဲ့ရလူငယ် တစ်ယောက်ရှိတယ်။ အရက်လည်း အရမ်းသောက်တယ်
အလုပ်က ဆိုက်ကားနင်းတယ်။။
ဆိုက်ကားနဲ့ ပတ်သတ်ရင် အရမ်းကျွမ်းကျင်တယ်။
အခု ဆိုက်ကားကို ၄ဘီးနဲ့ တီထွင်ထားတယ်။ အဲဒါ ဘယ်လိုလုပ်လည်း ခင်ဗျား သိလား

Anonymous said...

Anonymous ကဆိုက်ကားနဲ့ မေးလာတော့ ကျွန်တော်ဆိုက်ကားနဲ့ပဲ ဥပမာပြန်ပေးပါ့မယ်။
ကျွန်တော်တို့ မြန်မာပြည်မှာ ဆိုက်ကားစီးရင် ဆိုက်ကားဆရာတွေ ပြောတတ်တဲ့ စကားတစ်ခွန်းရှိပါတယ်။ - လေယာဉ်မောင်းတတ်သူ တိုင်း ဆိုက်ကားနင်းတတ်မယ် ထင်သလား - တဲ့ ကျွမ်းကျင်ရာ လိမ်မာ ကိုယ့်အလုပ်ကို ကို တန်ဘိုးထားတာ ဆိုရမှာပေါ့။
ဒါပေမယ့် ကျွန်တော်တို့လေယာဉ်စီးရင် ပိုင့်လော့ က ဆိုက်ကားဆရာတွေ လေယာဉ် မောင်းတတ်မယ်များထင်သလားလို့ တစ်ခါမှ အမေးမခံရဘူးပါဘူး။

ကျွန်တော်စက်ရုပ်လုပ်သူပါ။ ဆိုက်ကားထုတ်တတ်မထုတ်တတ် စဉ်းစားဘို့က ဆိုက်ကားနဲ့ ဆိုင်တဲ့သူရဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆိုက်ကားထုတ်သူတွေ စက်ရုပ်လုပ်တတ်လား မလုပ်တတ်လားဆိုတာ ကို ထည့်ပြီး စဉ်းစား စရာတောင် မလိုပါဘူးဗျာ - ၀င်ရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

Anonymous said...

Anonymous ကဆိုက်ကားနဲ့ မေးလာတော့ ကျွန်တော်ဆိုက်ကားနဲ့ပဲ ဥပမာပြန်ပေးပါ့မယ်။
ကျွန်တော်တို့ မြန်မာပြည်မှာ ဆိုက်ကားစီးရင် ဆိုက်ကားဆရာတွေ ပြောတတ်တဲ့ စကားတစ်ခွန်းရှိပါတယ်။ လေယာဉ်မောင်းတတ်သူ တိုင်း ဆိုက်ကားနင်းတတ်မယ် ထင်သလား - တဲ့ ကျွမ်းကျင်ရာ လိမ်မာ ကိုယ့်အလုပ်ကို ကို တန်ဘိုးထားတာ ဆိုရမှာပေါ့။
ဒါပေမယ့် ကျွန်တော်တို့လေယာဉ်စီးရင် ပိုင့်လော့ က ဆိုက်ကားဆရာတွေ လေယာဉ် မောင်းတတ်မယ်များထင်သလားလို့ တစ်ခါမှ အမေးမခံရဘူးပါဘူး။

ကျွန်တော်စက်ရုပ်လုပ်သူပါ။ ဆိုက်ကားထုတ်တတ်မထုတ်တတ် စဉ်းစားဘို့က ဆိုက်ကားနဲ့ ဆိုင်တဲ့သူရဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဆိုက်ကားထုတ်သူတွေ စက်ရုပ်လုပ်တတ်လား မလုပ်တတ်လားဆိုတာ ကို ထည့်ပြီး စဉ်းစား စရာတောင် မလိုပါဘူးဗျာ - ၀င်ရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

Anonymous said...

Anonymous ရေ

Country Builder ကို နောက်မှပြောပြီး နင့်ကိုအရင်ပြောမယ်။ နင်က တော်တော်ကြီးကို တော်တာဘဲနော်။ သူများက နိုင်ငံတော်အတွက် တစ်ဘက်ကနေ တတ်နိုင်သလောက် ပြောပေးနေတာကို နင်ကဆိုက်ကားကို ဘီး၎ဘီးနဲ့တီထွင်တာကို ၀င်ပြောတယ်။ နင့်ကြည့်ရတာ ဘွဲ့ရဆိုက်ကားသမား၊ အရက်သမားကို အားကျပြီး တခြားဘယ်သူတွေများ ဒါမျိုးလုပ်တတ်ပါလိမ့်ဆိုတဲ့ အထင်နဲ့ လိုက်ကြည့်နေပုံဘဲ။ ဒီဘလော့ဘ်တစ်ခုလုံးဖတ်ပြီး ဒါမျိုးဘဲရေးတတ်တယ်ဆိုတော့ နင့်အဆင့်ကို မှန်းလို့ရပါပြီ။ အင်တာနက်ကို မီးလာတဲ့အချိန်လေးမှာ အကျိုးရှိအောင်သုံးပြီး နဲနဲလောက်အမြင်ကျယ် လာအောင်ကြည့်လိုက်ဦး။ ဟုတ်လား။ နင့်ရဲ့ ဟီးရိုးကို ဆိုက်ကားကို တစ်ဘီးထဲနဲ့ ၊ ဘီးကိုလေးထောင့် ပုံစံလုပ်ပြီးတော့ နောက်ပြန်မနင်းခိုင်းနဲ့ဦးနော်။ idea အသစ်တွေ ရလာပြီဆိုပြီးတော့။ ဒဂုံက လမ်းတွေမကောင်းတော့ စိုးရိမ်လို့ပါ။ (အခုတော့ UAE က Jebel Hafeet Mountain Road လို ကမ္ဘာ့အကောင်းဆုံး လမ်းတွေလည်း ရှိချင်ရှိနေမှာပေါ့။) ငါလည်းဒဂုံမှာ နေဘူးပါတယ်။

To Country Builder さん
寝た子(犬)を起こすな!..

Anonymous said...

ဆရာခင်ဗျား
ဆရာကဖိတ်လို့လာရောက်ပီးတစ်းလုံးမကျန်ဖတ်သွားပါတယ်---
ဖတ်ရင်းနဲ့လဲအလွန်စိတ်ဝင်စားပါတယ်ခင်ဗျာ--
ဒါပေမယ့်အရိုးသားဆုံးပြောတာပါဆရာ့ဆီမှာဝင်ဆွေးနွေးဖို့ကျနော်က--အဲဒီလောက်မတော်ပါဘူးခင်ဗျာ--
ဒါပေမယ့်အမြဲလာဖတ်ချင်စိတ်ရှိပါတယ်ခင်ဗျာ---ဆရာပြောတဲ့အရာတွေကတကယ်ပညာရပ်တွေပါ----
တန်ဖိုးရှိလှပါတယ်----တန်ဖိုးမရှိတဲ့သူတွေ--တန်ဖိုးမသိတဲ့သူတွေကတော့---ဒါမျိုးတွေကြားရင်--
နားယားတယ်ဆရာ--ဂရုမစိုက်ဖို့အကြံပေးပါရစေ----အားပေးပါတယ်ခင်ဗျာ--

Anonymous said...

I'm very sorry to know a lot of our people don't appreciate expertise, good-will and factual truth.

Countrybuilder is such an amazing engineer yet came under fire by a bunch of brainless blind-followers whom don't seem to know the world.

I'm very humbled and pleased to read Countrybuilder claiming he's not a good and smart person as he drinks beer and play cards.

I wish I could meet and be a student of this no good-and-smart person one day in future.

Those who doesn't know how to appreciate, I suggest you'd better get out of the small well and dare to look at the wide sky for once in your life.

Make yourselves become an expert in something (even in the subject of making atomic bombs is okay) before you talk then I will listen to the preaches of your beloved Leaders' goodness.

I believe most of the new generation brats like me feel the same way.

Regards.