Tuesday, April 15, 2008

How to increase Economic Development of Myanmar (2)

သဘာဝဓာတ်ငွေ့ ကလေးအကြောင်းကို ဆက်ပြောချင်ပါတယ်။ ကျွန်တော်တို့ ပထမဆုံးရည်ရွယ်တာက နိုင်ငံတစ်နိုင်ငံမှာ စစ်အာဏာရှင် အုပ်ချုပ်မှုစံနစ် (သို့) Social Planner တစ်ဦးထဲက စီးပွားရေးကို စီမံခန့်ခွဲတဲ့ စံနစ်ကျင့်သုံးခဲ့မယ်ဆိုရင် စီးပွားရေး ပုံစံဘယ်လိုမျိုးဖြစ်သွားနိုင်တယ်ဆိုတာကို လွပ်လပ်တဲ့ ဈေးကွက်စီးပွားရေးစံနစ်နဲ့ နှိုင်းယှဉ်တင်ပြလိုခြင်းဖြစ်ပါတယ်။ ဘာ့ကြောင့်ရေးသားလိုရသလဲဆိုတော့ မြန်မာနိုင်ငံက စီးပွားရေး တက္ကသိုလ်တွေမှာ အဲဒီ့အကြောင်းတော့ ထည့်သင်မပေးလောက်ဘူးလို့ ထင်မိလို့ပါ။ အဲဒီ့အကြောင်းကို ရေးသားနိုင်ဘို့အတွက် ကုန်ကြမ်းရှာရာကနေ သဘာဝဓာတ်ငွေ့ အကြောင်းထွက်လာရခြင်းဖြစ်ပါတယ်။ နောက်ဆက်ပြီးတော့ သစ်တော၊ ကျောက်မျက်၊ လူသားအရင်းအမြစ်အစ အဖတ်ဆယ်မရအောင်ကျတဲ့ သိက္ခာအဆုံး ဆုံးရှုံးနစ်နာနေရမှုတွေကို တင်ပြပေးလိုပါတယ်။
ကမ္ဘာပေါ်မှာ မြန်မာပြည်ရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုဟာ ရုရှား နဲ့ အမေရိကန်ပြီးရင် နံပါတ် (၃) လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ရုရှားက ၆၅၆ ဘီလီယံ ကုဗမီတာ၊ အမေရိကန်က ၄၉၀ ဘီလီယံ ကုဗမီတာ ထုတ်လုပ်ခဲ့ပြီး ဥရောပ သမဂ္ဂတစ်ခုလုံး ထုတ်တာတောင်မှ ၂၁၅ ဘီလီယံ ကုဗမီတာပဲ ရှိပါတယ်။ မြန်မာက ၄၆၀ ဘီလီယံကုဗမီတာ ကျော် ထုတ်ခဲ့တာကို အရင် ပို့(စ်)ကို ဖတ်ဘူးတဲ့သူတိုင်း သိကြမှာပါ။
မြန်မာနိုင်ငံ က အရင်းအမြစ်တွေ အရမ်းကို ပေါကြွယ်ဝနေလို့လားလို့ ဆက်ကြည့်လိုက်တဲ့အခါမှာ ရုရှားရဲ့ Proved Natural Gas Reserve က နံပါတ်(၁) နေရာမှာ ၄၇.၅၇ ထရီလီယံ ကုဗမီတာတောင်ရှိနေပြီးတော့ နံပါတ်(၂)မှာ အီရန်က ၂၆ ထရီလီယံ ကျော်၊ နံပါတ်(၃) မှာ ကာတာက ၂၆ ထရီလီယံ နီးပါး ရှိတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ Reserve ကရောခင်ဗျာ။ ၂၀၀၆ ခုနှစ် Estimate အရ နံပါတ် (၄၂) နေရာမှာ ၂၇၁ ဘီလီယံ ကုဗမီတာသာရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့ကို ရသလောက်ဝယ်နေတဲ့ ထိုင်းက ၄၀၀ ဘီလီယံ ကုဗမီတာနဲ့၊ တရုတ်က ၂.၄ ထရီလီယံ ကုဗမီတာနဲ့ နံပါတ် (၁၅)မှာ ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၀၇ ၊ သြဂုတ်လပိုင်းမှာ ဒေ၀ူးနဲ့ ဖက်စပ်လုပ်နေတဲ့ လုပ်ကွက်က နှစ်ပေါင်း (၃၀) လောက်ကြာအောင် ထုတ်နိုင်မယ့် ဓာတ်ငွေ့တွေကို ထပ်တွေ့ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ အရံ သဘာဝဓာတ်ငွေ့ဟာ အဆပေါင်းများစွာ တက်သွားမယ်လို့ ယူဆရပါတယ်။ မြန်မာပြည်သားတွေ အကျိုးရှိမရှိတော့ မသိပါဘူး။ အဲဒီ့လုပ်ကွက် တွေ့တယ်လို့ သတင်းပေါက်သွားတဲ့ အချိန်မှာပဲ ဒေ၀ူးရဲ့ ရှယ်ယာဈေးတွေဟာ တစ်ရက်တည်းနဲ့ ၁၀% ကျော်တက်သွားတာကို တွေ့ရပါတယ်။ မြန်မာပြည်သားတွေ ဒေ၀ူးရှယ်ယာဝယ်ထားတဲ့သူ ဘယ်နှစ်ယောက်ရှိပါသလဲ လို့ ကျွန်တော် မေးလိုက်ချင်ပါတယ် ခင်ဗျာ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးရေနံသိုက်ကြီးဟာ အမေရိကန် မှာ ရှိပါတယ်။ ဘာ့ကြောင့် အမေရိကန် ကိုယ့်ရေနံကို ထုတ်မသုံးတာလဲ။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံထက် ပိုများတဲ့ အရံဓာတ်ငွေ့တွေ ရှိနေပါရက် ဘာကြောင့် မြန်မာနိုင်ငံက ဓာတ်ငွေ့ကို ငွေပေးဝယ်သလဲ။အဖြေကတော့ ရှင်းပါတယ်။ ငွေဟာ ထိုင်း ၊ အမေရိကန်လို နိုင်ငံတွေအတွက် စက္ကူပါပဲ။ ဘာ့ကြောင့် ဓာတ်ငွေ့တွေကို တရကြမ်း ထုတ်ယူနေကြသလဲ၊ ရတဲ့အချိန်မှာ ရသမျှယူတာ မဆန်းပါဘူး။ အမေရိကန် မကောင်းဘူး ၊ နိုင်ငံကို ကာကွယ်ပါ အသံကောင်းဟစ်နေတဲ့ သူတွေက အောက်က နားမလည်တဲ့ သူတွေကို အရိုးအရင်းပေး မှိုင်းတိုက်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ကောင်းကောင်းကြီးကာကွယ်နေပါတယ်။ Chevron ဟာ အမေရိကန် ကုမ္ပဏီပါ။ ဓာတ်ငွေ့ပိုက်လိုင်းတွေကိုစောင့်နေတဲ့ တပ်ရင်း ၁၀ ရင်းကျော်ဟာ မြန်မာပြည်ရဲ့ အရင်းအမြစ်တွေကို ကာကွယ်နေတာလား။ အမေရိကန်နဲ့ လူယုတ်မာ အပေါင်းအပါတစ်စုကို ကာကွယ်နေတာလား။ အခုဆိုရင် မြန်မာပြည်ကသစ်တောတွေဟာလဲ ကုန်သလောက်နီးနီးရှိပါပြီ။ ဒီအတိုင်းဆက်သွားနေရင် နောက် ၁၀ နှစ် ၁၅ နှစ်ကြာချိန်မှာ မြန်မာနိုင်ငံဟာ လုံးဝကို အဖတ်ဆည်မရအောင် ပျက်စီးတော့မယ့် အခြေအနေပါ။ မိန်းမဆိုမကောင်းတဲ့ မိန်းမ၊ ယောက်ကျားဆိုရင် နိုင်ငံခြားမှာ ကျွန်ခံ မှ ထမင်း ၀မယ့် အခြေအနေမှာ ရှိပါတယ်။ မြန်မာပြည်မှာ ဆန်ထွက်လို့ ထမင်းတော့ မငတ်ပါဘူးလို့ ခပ်ညံ့ညံ့ အတွေးအခေါ်နဲ့ စောဒကတက်စရာ အကြောင်းရှိပါတယ်။ ၆ သန်းကျော်သော မြန်မာပြည်သားတွေ အခုလက်ရှိအချိန်မှာ တောင် နေ့ညနတ်မှန်အောင် ထမင်းမစားနိုင်မှန်း သိရင် စောဒကတက်စရာ မလိုပါဘူးလို့ ပြောချင်ပါတယ်။ မြို့နေ ဆင်ခြေဖုံးလူတန်းစားပဲ ငတ်တာပါ။ တောမှာ စားစရာပေါပါတယ် ဆိုရင်လဲ ကျွန်တော်တို့နဲ့ တောရွာများကို လိုက်ခဲ့ကြဘို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျောမွဲ ဆိုတာ ဒါမျိုးလူကို ခေါ်တယ်ဆိုပြီးတော့ လယ်သူရင်းငှားဆိုတဲ့ လူတန်းစားများကို ပြသလိုပါတယ်။
နိဂုံးချုပ်အားဖြင့် ဆိုရမယ်ဆိုရင်တော့ ဒီအစိုးရလုပ်နေတာတွေဟာ သူတို့ကိုယ်တိုင်အတွက်လဲ အကျိုးရှိသင့်သလောက် အကျိုးမရှိ၊ ပြည်သူတွေလဲ ဒုက္ခပင်လယ်ဝေဖြစ်ကာ ထိုင်း၊ တရုတ်အစရှိတဲ့ လူလည်နိုင်ငံကြီးများသာ အဆီစား၊ အသားမျိုပြီး အကျိုးစီးပွားများ ရှိန်ရှိန်ငြီးတောက်ပလျှက်ရှိနေကြကြောင်းပါ။ မြန်မာနိုင်ငံဖြစ်သွားနိုင်တဲ့ အခြေအနေကို ဥပမာကြည့်ချင်ရင်တော့ မြန်မာပြည်မှာ မကြာခဏ တွေ့ရတတ်တဲ့ စီးပွားရေး ရုတ်တရက်ကျဆင်းသွားတဲ့ မိသားစုများဘယ်လိုဖြစ်သွားတတ်တယ်ဆိုတာ ကြည့်ရှုနမူနာယူနိုင်ကြ ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

1 comment:

Canada Myanmar Group said...

ကောင်းတယ်၊ဒီဆောင်းပါးကို ဒီမှာဆက်လက်ဖြန့် ဝေမယ်
မြန်မာအသံလွင့် ဌါနတွေကိုပို့ ပါလားသူတို့ တည်းဖြတ်ပြီး
ပြန်လွင့် ပါလိပ်မယ်၊မြန်မာနိုင်ငံဟာနောက်ကျကျန်နေရတဲ့ 
ကြားထဲ .ခုတော့ ပိုဆိုးသွားပြီ..
http://canadamyanmar.blogspot.com/