Thursday, April 17, 2008

The Economy, The Households And The Dictator

နိုင်ငံတော်၏ စီးပွားရေး၊ အိမ်ထောင်စုများနှင့် အာဏာရှင်
နှစ်စဉ်နှစ်တိုင်း စီးပွားရေး ၁% တက်နေရင် ကျွန်တော်တို့ရဲ့ ကလေးတွေဝင်ငွေဟာ ကျွန်တော်တို့ ၀င်ငွေထက် ၁.၄ဆ ရမယ်။ စီးပွားရေး ၃% တက်နေရင်တော့ သူတို့ဝင်ငွေဟာ ၂.၅ ဆ ရမှာပဲ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲကတစ်ချို့ဟာ ၁၉၆၀ ကနေ ၁၉၉၀ အတွင်း နှစ်စဉ် စီးပွားရေး ၆% ကျော် တိုးတက်ခဲ့တယ်။ ဒီဟာ ဘာကိုပြသလဲဆိုတော့ မျိုးဆက်တစ်ခုအတွင်းမှာပဲ ၀င်ငွေ ၆ဆကျော် တိုးတက်လာတာပါ။
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဟာ အရေးကြီးတယ်ဆိုတဲ့ အချက်ကို သိလိုက်တာနဲ့ လူတိုင်းမေးလေ့ရှိတဲ့ မေးခွန်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြန်သည်ထက်မြန်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းပါ။ အလားတူ ထပ်မေးလေ့ရှိတဲ့ မေးခွန်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းကွဲပြားရခြင်း ရဲ့ အဓိက အချက်တွေက ဘာလဲ၊ အဲဒီ့အချက်တွေကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာပါပဲ။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးတဲ့ ပေါ်လစီတွေ၊ လုပ်ငန်းလမ်းစဉ်တွေ ချမှတ်နိုင်ဘို့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဆုံးအဖြတ်ပေးနေတာက ဘယ်အချက်တွေလဲဆိုတာကိုတော့ သိရမှာပေါ့။ နောက်တစ်ခုသိရမှာက ဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက လူမှုရေး ဆိုင်ရာ ဘ၀သက်သာချောင်ချိမှု၊ သာယာပျော်ရွှင်မှု အစရှိတဲ့ ကိစ္စရပ်တွေမှာ ဘယ်လောက်တောင် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိနိုင် သလဲဆိုတာကို သိထားရပါမယ်။ အဲဒီ့မှာ ကြီးထွားခြင်း သီအိုရီ (Growth Theory) ရဲ့ ရုပ်လုံးစပေါ်လာတာပါပဲ။
ကမ္ဘာ့ဓန၊ ၀င်ငွေရရှိမှု အချိုးအစားနှင့် စီးပွားရေးတိုးတက်မှုနှုန်းများ
Summers and Heston ကသုတေသနလုပ်ထားတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၇ နိုင်ငံရဲ့ ပျမ်းမျှ တစ်ဦးချင်းစီဝင်ငွေ(GDP per capita) ကို ၁၉၆၀၊ ၁၉၈၀၊ ၂၀၀၀ ခုနှစ်တွေမှာရှိတဲ့အခြေအနေအတိုင်း နှိုင်းယှဉ်ကြည့်ထားတဲ့ ဇယားကို အောက်မှာတွေ့နိုင်ပါတယ်။



၂၀၀၀ ပြည့်နှစ်မှာ လူဇင်ဘတ်က (Luxembourg) တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄၀၀၀ နဲ့ အချမ်းသာဆုံး နံပါတ် ၂ မှာ အမေရိကန် က ဒေါ်လာ ၃၂၅၀၀ နဲ့ ဒုတိယနေရာမှာရှိပြီးတော့ ဂျီ ဆဲဗင်းနဲ့ ဓနသဟာယနိုင်ငံများ က စင်ကာပူ၊ ဟောင်ကောင်၊ တိုင်ဝမ်၊ ဆိုက်ပရပ်(စ်) အစရှိနိုင်ငံများနဲ့ ထိပ်ပိုင်း ၂၅ နေရာကိုယူထားကြပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အာဖရိကနိုင်ငံ အများစုက အောက်ဆုံး ၂၅ နိုင်ငံနေရာကို ယူထားကြပြီးတော့ တန်ဇန်းနီးယားနိုင်ငံက တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၅၇၀ နဲ့ အောက်ဆုံးအဆင့်မှာ ရှိပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေးတိုးတက်နေတဲ့ အာရှနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူဟာ ၂၀၀၇ ခုနှစ်မှာ တစ်ဦးချင်းထုတ်ကုန်တန်ဘိုးချင်းနှိုင်းယှဉ်လိုက်မယ်ဆိုရင် အမေရိကန်ထက် သာသွားပြီဆိုတာ စီအိုင်အေက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ တွေ့နိုင်ကြပါတယ်။

ဒါပေမယ့် ဒီဇယားက ဖော်ပြနေတဲ့ အရေးကြီးတဲ့ အချက်ကတော့ ၂၀၀၀ခုနှစ်မှာ ဖြစ်နေတဲ့ဝင်ငွေ အချိုးအစားကွာဟခြင်းဟာ ၁၉၆၀ ပြည့်နှစ်က အတိုင်းပါပဲ။ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ ဒီနှစ် ၄၀ ကာလအတွင်းမှာ အရေးပါတဲ့ ပြောင်းလဲမှုတွေတော့ ဖြစ်ပျက်သွားခဲ့ပါတယ်လို့ ဆိုပါတယ်။ အာဂျင်တီးနား၊ ဥရုဂွေး၊ အစ္စရေးနဲ့ တောင်အာဖရိကနိုင်ငံတွေဟာ ၁၉၆၀ ပြည့်နှစ်တုန်းက ထိပ်ဆုံး ၂၅ နိုင်ငံစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ၂၀၀၀ပြည့်နှစ်မှာတော့ မပါတော့ပါဘူး။ တစ်ခြားတစ်ဘက်မှာတော့ တရုတ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် အစရှိတဲ့ နိုင်ငံတွေဟာ အောက်ဆုံး ၂၅ နိုင်ငံကနေ ရုန်းထွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။


တစ်ဦးချင်းဝင်ငွေကွာတော့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းလဲ ကွာတာကို ဆက်ပြီးတွေ့ရပြန်ပါတယ်။


နိုင်ငံတစ်ချို့ရဲ့ တစ်ဦးချင်းဝင်ငွေတိုးတက်မှုနှုန်းပြဇယားကို အောက်မှာလေ့လာနိုင်ပါတယ်။





အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ တိုင်ဝမ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း ၊ဟောင်ကောင်၊ တရုတ်နဲ့ ဂျပန် အစရှိတဲ့နိုင်ငံတွေဟာ တောင်အာဖရိတိုက်ရဲ့ ဆာဟာရ အစွန်းပိုင်းမှာရှိတဲ့ ဘော့(စ်) ၀ါနာ (Bostwana) ဆိုက်ပရပ်(စ်)၊ ရိုမေးနီးယား၊ မောရစ်ရှပ်(စ်) အစရှိတဲ့ နိုင်ငံတွေနဲ့အတူ ကျွန်တော်တို့အခုခောတ်အတွက် အံ့ဘွယ် နိုင်ငံများ (Miracles of our time) လို့ သတ်မှတ်နိုင်လောက်အောင် စီးပွားရေးတိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်မှာ ပြထားတဲ့ ဂရပ်ဖ်ကို လေ့လာကြည့်မယ်ဆိုရင် နိုင်ငံအများစုရဲ့ တစ်ဦးချင်း ၀င်ငွေဟာ နှစ် (၄၀)အတွင်းမှာ ဘာမှထူးပြီးတော့ တိုးလာတာမျိုးမရှိဘူးဆိုတာပါပဲ။




အဲဒါကြောင့်မို့လို့ ကမ္ဘာ့နိုင်ငံများမှာရှိတဲ့ တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် အံ့ဘွယ်တွေ ဖြစ်သွားခဲ့သော်လည်း လူတစ်ဦး ထုတ်လုပ်နိုင်မှု၊ ၀င်ငွေနဲ့ စီးပွားရေး တိုးတက်မှု ခြားနားခြင်းတွေဟာ အရင်ကတိုင်းဘာမှ မပြောင်းလဲဘူးလို့ကောက်ချက်ချနိုင်ပါတယ်။ ထပ်ပြီးဆိုနိုင်တာက သာမန်အားဖြင့် ဆင်းရဲတဲ့ နိုင်ငံတစ်ခုဟာ ချမ်းသာထက်နိုင်ငံတစ်ခုထက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပိုပြီးတော့ မြန်မြန်မတိုးတက် နိုင်ဘူးဆိုတဲ့အချက်ပါ။ စီးပွားရေး ပညာရှင်များကတော့ Unconditional Convergence က ဇီးရိုး ဖြစ်နေတယ် လို့ ဆိုကြပါတယ်။ ဖော်မြူလာနဲ့ ဖော်ပြချင်ရင်တော့ Δlny2000-1960 = &+b.lny1960 လို့ ဖော်ပြပါတယ်။ b ရဲ့ အညွှန်းကိန်းကတော့ သုညပါ။ ဒါပေမယ့် တစ်ခြားတစ်ဘက်မှာ Δlny2000-1960=&+b.lny1960+rX1960 ဆိုတဲ့ regression formula တစ်ခုရှိပြန်ပါတယ်။ ထပ်ပြီးပေါင်းထည့်လိုက်တဲ့ rX1960 ဆိုတဲ့ အပိုင်းကလေးဟာ ပြည်တွင်းမှာ ရှိတဲ့ ပညာရေး အဆင့်အတန်း၊ ပြည်တွင်းအခွန်နဲ့ ငွေကြေးဆိုင်ရာ ပေါ်လစီ ဈေးကွက်ပြိုင်ဆိုင်မှု အစရှိတဲ့ အစုတစ်ခုကို ပေါင်းထည့်လိုက်တာဖြစ်ပါတယ်။ ဒီဖော်မြူလာဟာ ဘာကို ဖော်ပြနေသလဲဆိုတော့ ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံတစ်ခု လက်ခံကျင့်သုံးတဲ့ ပညာရေးစံနစ်၊ ငွေကြေးနဲ့ အခွန်ကောက်ယူမှု ပုံစံ၊ ဈေးကွက်ပြိုင်ဆိုင်မှု အစရှိတဲ့ နည်းစံနစ်တွေကို လက်ခံ ကျင့်သုံးမယ်ဆိုရင် အဲဒီ့ဆင်းရဲတဲ့ နိုင်ငံဟာလဲ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံကို မှီလာနိုင်ပါတယ်ဆိုတာကို ဖော်ပြထားတာဖြစ်ပါတယ်။ စီးပွားရေး ပညာရပ်ဆိုင်ရာ အသုံးအနှုံးအရ ပြောရမယ်ဆိုရင် Conditional Convergence လို့ ဖော်ပြထားပါတယ်။
အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံတစ်ခုရဲ့ စီးပွားရေး စံနစ်ကို လေ့လာကြည့်ရအောင်လားခင်ဗျာ။
  • လေ့လာမဲ့ အချိန် ကာလအပိုင်းအခြားကို အတိအကျသတ်မှတ်ပါတယ်။ တစ်နှစ်၊ ဆယ်နှစ်၊ မျိုးဆက်တစ်ခု အစရှိသည်ဖြင့်ပါ။ t = {0,1,2,3}
  • အဲဒီ့နိုင်ငံရဲ့ စီးပွားရေးက သီးခြား တည်ရှိနေတဲ့ ကျွန်းတစ်ခုလိုပါပဲ။ မှတ်ချက် - မြန်မာနိုင်ငံဟာ ဘယ်လောက်ပဲ ဈေးကွက်စီးပွားရေးကျင့်သုံးနေပါတယ် အော်နေနေ တစ်ကယ်တမ်းကျတော့ isolated economy ပါပဲ။ အိမ်ထောင်စုတွေ အများကြီး အဲဒီ့ကျွန်းပေါ်မှာ နေကြတယ်လို့ သတ်မှတ်လိုက်ပါ။ ဈေးကွက်ဆိုတာ လုံးဝမရှိပဲ ကုန်ထုတ်လုပ်မှု အားလုံးကို ဗဟိုကထိန်းချုပ်ထားပါတယ်။ လူမှုရေး၊ စီးပွားရေး ကိစ္စ အ၀၀ကို အာဏာရှင် တစ်ယောက်ထဲကသာထိန်းချုပ်ထားတယ်လို့ သတ်မှတ်ပါတယ်။
  • အဲဒီ့နိုင်ငံက ထုတ်ကုန်တစ်ခုထွက်တယ်ထားပါ။ အဲဒီ့ ထုတ်ကုန် ထုတ်လုပ်နိုင်ဘို့အတွက် အရင်းအနှီး (capital) နဲ့ လုပ်အား (Labour) လိုအပ်ပါတယ်။ အဲဒီ့ထွက်လာတဲ့ ထုတ်ကုန်ကို လက်ငင်းစားသုံးမှု (consumption)အတွက်အသုံးပြုနိုင်သလို၊ အနာဂတ်ရင်းနှီးမြုပ်နှံမှု (Investment) ပြုလုပ်ဘို့အတွက် ပြုလုပ်နိုင်ပါတယ်။
  • အိမ်ထောင်စု တစ်ခုကို လုပ်အား ယူနစ်တစ်ခု လို့သတ်မှတ်ပါတယ်။ အဲဒီ့လုပ်အား ယူနစ်တစ်ခုကို အလျော့အတင်းမရှိ အာဏာရှင် အား ပေးအပ်ရပါတယ်။ စီမံအုပ်ချုပ်တဲ့ အာဏာရှင်က ရရှိလာတဲ့ လုပ်အားတစ်ရပ်လုံးနဲ့ အရင်းအနှီး စုစုပေါင်းကို အသုံးချပြီးတော့ တိုင်းပြည်ကထုတ်လုပ်တဲ့ ထုတ်ကုန် ကို ရယူထုတ်လုပ်ပါတယ်။
  • အချိန်ကာလအပိုင်းအခြားတစ်ခုတိုင်းမှာ အဲဒီ့အချိန်မှာထွက်ရှိနေတဲ့ ထုတ်ကုန်ရဲ့ အစိတ်အပိုင်း တစ်ခု S = {0,1} ကို ထုတ်ယူပြီးတော့ အဲဒီ့အထဲက အချို့ကို နိုင်ငံစီးပွားရေး တစ်ခုလုံးရဲ့ အရင်းအနှီးထဲကို ထပ်ထည့် တိုးပွားကာ ကျန်တဲ့ အစိတ်အပိုင်းကို အိမ်ထောင်စုများအားလုံးကို အချိုးညီညီ ခွဲဝေပေးပါတယ်။
  • အောက်မှာ ဆက်လက်ဖော်ပြမဲ့ ဖော်မြူလာများကို အတိုချုပ်အနေနဲ့ အောက်ပါအတိုင်း မှတ်ယူကြစေလိုပါတယ်။ Lt ကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာရှိတဲ့ လုပ်သားအင်အား ၊ Kt ကို လေ့လာတဲ့ အချိန်ရဲ့ အစမှာရှိထားတဲ့ အရင်းအနှီး၊ Yt ကို သတ်မှတ်ထားတဲ့ အချိန်အတွင်းထွက်လာမဲ့ ထွက်ကုန် စုစုပေါင်း၊ Ct ကို အဲဒီ့အချိန်အတွင်းမှာ စားသုံးမဲ့ စုစုပေါင်း စားသုံးမှု၊ It ကို ထပ်ထပ်ထည့်လိုက်တဲ့ အရင်းအနှီးလို့ သတ်မှတ်လိုက်ပြီးတော့ စာလုံးသေးနဲ့ ရေးထားတာတွေကို တော့ စုစုပေါင်းလုပ်သားအင်အားပေါ်မှာ အခြေခံပြီးတွက်ထားတဲ့ အချိုးတွေလို့ မှတ်ယူလိုက်ပါ။ ဥပမာ kt = Kt/Lt , yt= Yt/Lt, ct = Ct/Lt , it=It/Lt.

နောက်တစ်ခန်းဖြစ်တဲ့ အာဏာရှင်စံနစ်အောက်မှာ ထွက်ရှိတဲ့ ထွက်ကုန်များဟာ ဘာတွေအပေါ်မှာ အခြေခံနေသလဲဆိုတာကို မဆက်ခင်မှာ ကျွန်တော်တို့မြန်မာနိုင်ငံဟာ အာဏာရှင်စံနစ်ကို အသုံးပြုပြီးအုပ်ချုပ်နေတာလားဆိုတာကို ကျွန်တော်တို့ အနည်းငယ်ဆွေးနွေးလိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ယခင်ကတည်းက ဗဟိုကထိန်းချုပ်တဲ့ စံနစ်ကို ကျင့်သုံးပြီးတော့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲခဲ့တာ ဖြစ်ပါတယ်။ယခင်က မြန်မာပြည်သူများ ရရှိခံစားနိုင်ကြတဲ့ လောင်စာဆီ၊ သက်သာချောင်ချိတဲ့ စားသောက်ကုန်ဈေးနှုန်းနဲ့၊ ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှု စံနစ်တွေဟာ ကျွန်တော်တို့ နိုင်ငံကထွက်ရှိတဲ့ ထုတ်ကုန်များရဲ့ အစိတ်အပိုင်းများထဲမှ ပြန်လည်ရရှိလာတဲ့ အချိုးကျခွဲဝေမှု အပိုင်းများဖြစ်မယ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အာဏာရှင် တစ်စု ကအာဏာရှင် ပီပီ စီမံခန့်ခွဲအုပ်ချုပ်ခဲ့ရင်တောင်မှ ပြည်သူများရဲ့အခြေအနေဟာ ဒါ့ထက်အများကြီး ပိုပြီးတိုးတက်စရာရှိတယ်ဆိုတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်ခင်ဗျာ။ လောင်စာဆီဈေးနှုန်းတိုးမြင့်သတ်မှတ်ခြင်း၊ ထွက်ရှိလာတဲ့ ထုတ်ကုန်များအား ပြန်လည်ခွဲဝေမှု ပြုလုပ်ရာမှာ အချိုးကျခွဲဝေမှု လုံးဝမရှိခြင်း၊ တိုင်းပြည်ရဲ့ အဓိကအရင်းအနှီးဖြစ်တဲ့ လုပ်အားနဲ့ အရင်းအနှီးကို တိုးပွားအောင်မပြုလုပ်ခြင်းစတဲ့အချက်တွေ ဗဟိုထိန်းချုပ်မှုစံနစ်အောက်ကထွက်ရှိလာတဲ့ စားသောက်ကုန် အစရှိတဲ့ ထွက်ကုန်များကို နိုင်ငံတွင်းမှာရှိတဲ့ လုပ်အားယူနစ်တစ်ခု (အိမ်ထောင်စုတစ်ခု) က အလွယ်တကူ ရယူခံစားနိုင်ခြင်းမရှိတဲ့ အချက်တွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဏာရှင်စံနစ် ထက်အများကြီးပိုဆိုးတဲ့ စံနစ်တစ်ခုနဲ့ အုပ်ချုပ်ခံနေရတယ်ဆိုတဲ့အချက်ကို သိသာထင်ရှားစေပါတယ်။ ဒီအချက်တွေနဲ့ သိသာကိုက်ညီနေတဲ့ စံနစ်ကတော့ ကျွန်ပိုင်ရှင်စံနစ်သာလျှင်ဖြစ်ပြီး ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံသားများဟာ စီးပွားရေးပညာရပ်ဆိုင်ရာ လူနေမှု စံနှုန်းများအရ ကျွန် သဘောက်စစ်စစ်များသာ ဖြစ်ကြောင်းပြောကြားရင်း ဒီအပိုင်းကို အဆုံးသတ်ပါရစေခင်ဗျား။

မှတ်ချက်။ ၁၉၈၇ ခုနှစ်တွင် စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုရပညာရှင် Robert Solow ၏ ကြီးထွားမှု သီအိုရီ အား အခြေခံကာ ရေးသားပါတယ်။