Saturday, September 27, 2008

Wholly Predatory Economy?

မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကို ကြည့်လိုက်မယ်ဆိုရင်တော့ အောက်ပါအတိုင်းတွေ့ရ ပါတယ်တဲ့။
မြန်မာနိုင်ငံမှာ ထိရောက်တဲ့ မြေယာပိုင်ဆိုင်မှု အခွင့်အရေး လုံးဝမရှိပါဘူး။
စာချုပ်ချုပ်ဆိုလုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေဟာ ဥပဒေအတိုင်းလိုက်နာဆောင်ရွက်မှု ရှိသလားဆိုတော့လဲ လုံးဝမရှိပါ။
Macro Economic နဲ့ သက်ဆိုင်တဲ့ စီးပွားရေးပေါ်လစီတွေကလဲ ကြုံရာ ကျပန်း ပေါက်လွှတ်ပဲစား ချမှတ်တာပါပဲတဲ့။ ပေါက်လွှတ်ပဲစားချမှတ်ထားတဲ့ ပေါ်လစီတွေဟာ သောက်တစ်လွဲတွေဖြစ်နေယုံသာမက ပြည်သူလူထုကို အသိပေးတင်ပြမှုဆိုတာကလဲ မရှိသလောက်ပါပဲ။
လိုအပ်တဲ့ အဆိုးရအသုံးစားရိတ်မှန်သမျှကို ဖြေရှင်းပေးတဲ့ စံနစ်က စာရွက်များကို ပိုက်ဆံ အဖြစ် ပြောင်းလဲ ရိုက်ထုတ်ပေးခြင်းနည်းလမ်းနဲ့ ဖြေရှင်းပါတယ်တဲ့။ အဲဒီ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ၊ ငွေကြေးဆိုင်ရာ ကမောက်ကမဖြစ်မှုတွေ နှစ်စဉ်နဲ့ အမျှ တိုးတက်ဖြစ်ပေါ်လာမယ်ဆိုတာဟာလဲ လမ်းဘေးက ခွေးတောင်သိပါတယ်။
ချစားမှုဟာ ကမ္ဘာပေါ်မှာ အမှတ်စဉ် (၁) နဲ့ (၂) နေရာကို နှစ်စဉ်နှစ်တိုင်း ယူနေကြဖြစ်တဲ့ အပြင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စားရိတ်သုံးစွဲမှုဟာ အရှေ့တောင်အာရှနိုင်ငံ တွေထဲမှာ အနည်းဆုံး ဖြစ်နေတဲ့အပြင် နောက်ထပ်အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အသုံးစားရိတ်နဲ့ ယှဉ်လိုက်ရင်တောင် တစ်ဝက်ပဲရှိပါတယ်။ ဒီစံနစ်ရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုဟာ တစ်ကမ္ဘာလုံးမှာ ဆီရီယာလီယွန်း နိုင်ငံပြီးရင် အဆိုးဝါးဆုံးပါပဲလို့ UNICEF က တရားဝင်ထုတ်ပြန်ထားပါတယ်။
ပညာရေး မှာတော့ရော - ကျေးလက်နေပြည်သူများ စာတတ်မြောက်မှုနှုန်းဟာ ကိုလိုနီခောတ်ကနဲ့ ယှဉ်လိုက်ရင်ကို ရာခိုင်နှုန်းတစ်ဝက်မပြည့်တော့ပါဘူးတဲ့ခင်ဗျား
အကျင့်စာရိတ္တနဲ့ ရှက်ကြောက်မှုဆိုတာ လုံးဝမရှိတဲ့ အဆိုးရရဲ့ အောက်ဆွဲများကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနှစ်စဉ် တိုးတက်မှုမှာ ဂဏန်း၂လုံး ရှိတယ်လို့ အရှက်မရှိပြောနေကြဆဲပါပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိရရှိနေတဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ နယ်ပယ်တွေထဲကိုပဲ လှိမ့်ဝင်နေတာဖြစ်ပြီးတော့ အဲဒီ့ရင်းနှီးမြုပ်နှံမှုတွေက ရရှိလာတဲ့ အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာမှု ဟာ အလွန်ပဲ နည်းပါးပါတယ်။ ဒါ့အပြင် အလွန်အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှု Skill များ မြန်မာပြည်သူများ လက်ထဲကို ရောက်ရှိလာမှုဆိုတာကလဲ မရှိသလောက်ပါပဲတဲ့။
နိုင်ငံတစ်ခုဟာ အမှန်တစ်ကယ်စီးပွားရေး ပြောင်းလဲနေတာဟုတ်မဟုတ်ကို ညွှန်ပြတဲ့ ဂျီဒီပီတစ်ခုလုံးမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ (Manufacturing and processing sector) ရဲ့ရာခိုင်နှုန်းဟာ ၁၃% မျှသာရှိပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက ၃၅% ၊ တရုတ်ပြည်က ၄၂% နဲ့ ဒေသတွင်းမှာ နောက်ထပ်အနိမ့်ဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၉% နဲ့ နှိုင်းယှဉ်ကြည့် လိုက်ရင် မြန်မာနိုင်ငံဟာ အောက်ဆွဲများပြောနေသလို စီးပွားရေးတိုးတက်နေတဲ့ နိုင်ငံ ဟုတ်မဟုတ်ဆိုတာ ကွင်းကွင်းကြီးမြင်နိုင်ပါတယ်။
ပိုပြီးဆိုးတဲ့ အရာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ လူ့ စွမ်းအားအရင်းအမြစ်တွေကို အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများနဲ့ တရုတ်နိုင်ငံကပါ ကောင်းကောင်းကြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ကြခြင်းပါပဲ။ သူတို့ ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ကြသလဲဆိုတော့ အဲဒီ့နိုင်ငံတွေကိုယ်တိုင်ကပဲ မိမိအကျိုးစီးပွားပဲ ကြည့်ကြတဲ့ အာဏာရှင်ဆန်ဆန်နိုင်ငံ တွေဖြစ်နေလို့ပါပဲတဲ့။
စီးပွားရေးပညာရှင်များ ဆိုကြတာကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်နေကြရတာဟာ (wholly predatory economy) လို့ခေါ်တဲ့ လိမ်ညာသတ်ဖြတ် အနိုင်ကျင့်စားသောက်ကြရတဲ့ ကပ်ပါးကောင်စီးပွားရေးပါတဲ့။ တစ်ခြားအာဏာရှင်နိုင်ငံတွေမှာ လဲဒီလိုမျိုးခေါင်းပုံဖြတ်ကြတာပါပဲ။ ဒါပေမဲ့ တစ်ခြားနိုင်ငံက အာဏာရှင်တွေဟာ သွေးစုတ်တာတောင်မှ အစုတ်ခံနေရတဲ့ သူ သေမသွားဘို့ အရေးကြီးတယ်ဆိုလောက်ကိုတော့ သဘောပေါက်ကြသေးတယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။
စီးပွားရေး ပညာရှင်များနှိုင်းယှဉ်ပြခဲ့တာတစ်ခုရှိပါတယ်။ တစ်ခြားနိုင်ငံက အာဏာရှင်တွေဟာ တစ်ပါးသူတွေကြိုးစားမှုကြောင့် ရရှိလာတဲ့ အကျိုးအမြတ်ပေါ်မှာ ခေါင်းပုံဖြတ်တဲ့ racketeer တွေဆိုရင် မြန်မာနိုင်ငံက သူတောင်းစားများကတော့ သူတို့ကိုယ်တိုင်လဲ မလုပ်နိုင်၊ မလုပ်တဲ့၊ နားမလည်တဲ့ အရာတစ်ခုခုဆိုရင် ဖျက်ဆီးပစ်ဘို့ သာတတ်တဲ့ လုယက်ဖျက်ဆီးသူ looters များသာဖြစ်ကြောင်း နှိုင်းယှဉ်ပြထားတယ်လို့ ပြောကြားရင်း -
ဒီတစ်ပတ်ခဏနားပါဦးမယ်ခင်ဗျား

No comments: