Thursday, December 11, 2008

Let's wait and see in this recession?

စီးပွားရေးအခြေအနေပြောင်းလဲမှုတွေဟာ နိုင်ငံတစ်ခုခုမှာ ဒီမိုကရေစီစံနစ်ပေါ်ထွန်းလာမှုနဲ့ ဆက်စပ်မှုရှိသလား၊ မရှိဘူးလားဆိုတဲ့ မေးခွန်းဟာ အလွန်ပဲရှုပ်ထွေးပြီးတော့ ဖြေရခက်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ စီးပွားရေးအရ တိုးတက်မှုတွေ၊ ကျဆင်းမှုတွေအပြင် အဲဒီ့စီးပွားရေးအရပြောင်းလဲမှု ဖြစ်ပျက်တဲ့အချိန်ကာလနဲ့ နေရာဒေသကိုပါ ထည့်သွင်းစဉ်းစားလိုက်ရင်တော့ စီးပွားရေးအခြေအနေနဲ့ ဒီမိုကရေစီစံနစ်ဖြစ်ထွန်းမှုကို ဆက်စက်မှုရှိ တယ်လို့ ယူဆနိုင်ကြပြီဖြစ်ပါတယ်။ ယေဘုယျအားဖြင့်ပြောရရင်တော့ စီးပွားရေး တိုးတက်မှု ၊ အလွန်အမင်းဆုတ်ယုတ်ပျက်စီးမှုတွေဟာ ဒီမိုကရေစီစံနစ်ပေါ်ထွန်းလာမှုနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးအရဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေသာချည်းပဲဆိုရင်တော့ ဒီမိုကရေစီစံနစ်တစ်ခု ပေါ်ထွန်းလာဘို့အတွက် လုံလောက်တဲ့ လှုံ့ဆော်မှုကို မပေးစွမ်းနိုင်ပါဘူး။ နောက်ဆုံးပြောလို့ရတာတစ်ခုကတော့ ဒီမိုကရေစီစံနစ်တစ်ခု အမှန်တစ်ကယ်ပေါ်ထွန်း လာဘို့အတွက် စီးပွားရေးအရ ပြောင်းလဲဘို့တောင် မလိုအပ်ဘူးလို့ တစ်ချို့ ပညာရှင်များက ယူဆထားကြပါတယ်။
၁၉၇၄ခုနှစ်နောက်ပိုင်းမှာ အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီနိုင်ငံအဖြစ်ကို ပြောင်းလဲခဲ့တဲ့ နိုင်ငံများကို တတိယလှိုင်း (Third Wave) ဒီမိုကရေစီနိုင်ငံများလို့ ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ ဒီတတိယလှိုင်း ဒီမိုကရေစီထွန်းကားလာမှုအပေါ်မှာ စီးပွားရေး နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေက နည်းလမ်း(၃)မျိုးနဲ့ လွှမ်းမိုးတယ်လို့ ဆိုကြပါတယ်။ ပထမဆုံးအချက်က ၁၉၇၄ခုနှစ်နောက်ပိုင်းနှစ်များအတွင်း နိုင်ငံတစ်ချို့မှာ ရေနံဈေးနှုန်း အလွန်အမင်းကြီးမြင့်လာခြင်းနဲ့ တစ်ခြားနိုင်ငံများမှာတော့ မာ့စ် ၊ လီနင်ဝါဒရဲ့ ကန့်သတ်ချက် တွေကြီးကြီးမားမားရှိနေတဲ့ အချက်တွေကနေအစပြုပြီးတော့ စတင်ပေါ်ပေါက်လာခဲ့တဲ့ စီးပွားရေးကျဆင်းမှုဟာ အာဏာရှင်စံနစ်များကို အားနည်းလာစေခဲ့ပါတယ်။
ဒုတိယတစ်ချက်က ၁၉၇၀ ပြည့်နှစ် အစပိုင်းမှ အစပြုကာ နိုင်ငံတော်တော်များများရဲ့ စီးပွားရေးတိုးတက်လာမှုဟာ အဲဒီ့နိုင်ငံများအတွင်းမှာ ဒီမိုကရေစီပေါ်ထွန်းလာဘို့အတွက် အုတ်မြစ်တွေအနက်က တစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးအချက်ကတော့ တစ်ချို့သောနိုင်ငံများမှာ ဖြစ်ပေါ်ခဲ့တဲ့ တစ်ရှိန်ထိုး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံများမှာ အာဏာရှင်များကို အခြေယိုင်စေခြင်း၊ သို့ ဖိနှိပ်မှုများကို ပိုမိုပြုလာစေခြင်း အစရှိတဲ့ အချက်တွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။
အတိုချုပ်အားဖြင့်ပြောလို့ရတာကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ဒီမိုကရေစီစံနစ်တစ်ခုအတွက် အခြေခံ အုတ်မြစ်ကောင်းတွေကို ချပေးနိုင်ပြီးတော့ စီးပွားရေးကျဆင်းမှုကတော့ အာဏာရှင်တွေကို အခြေယိုင်စေနိုင်တဲ့ အချက်ပါပဲ။ တတိယလှိုင်းမှာ ဒီမိုကရေစီစံနစ်ကို ကူးပြောင်းလာတဲ့ နိုင်ငံများအားလုံးဟာ အထက်ပါ အချက် ၃ခုထဲက တစ်ခုခုနဲ့ ကိုက်ညီနေတာချည်းပဲဖြစ်ပါတယ် ခင်ဗျား။
လက်ရှိဖြစ်ပျက်နေတဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ ၁၉၃၀ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ စီးပွားပျက်ကပ်ကြီးပြီးရင် အဆိုးဆုံးဖြစ်နိုင်တယ်လို့ ယူဆထားကြတဲ့ သူတွေ အများကြီးရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အလုပ်လက်မဲ့ ပြသနာတွေ၊ အဲဒီ့ပြသနာတွေနဲ့ ဆက်စပ်ဖြစ်ပျက်လာမဲ့ တစ်ခြားနိုင်ငံတွေရဲ့ စီးပွားရေးကျဆင်းမှုဟာ ပေါ့သေးသေးပြသနာတစ်ခု မဟုတ်တာကို တော်တော်များများ နားလည်ကြပြီးဖြစ်ပါလိမ့်မယ်။
စီးပွားရေးကျဆင်းမှုဟာ ၂၀၀၉ခုနှစ် ကုန်ပိုင်းလောက်မှာ အောက်ဆုံးအထိလောက်ကို ရောက်မယ်လို့ တစ်ချို့ပညာရှင်များက ခန့်မှန်းထားကြပါတယ်ခင်ဗျား။ ၂၀၀၉ မကျော်မှာကို စိုးရွံ့နေတဲ့ မြန်မာအာဏာရှင်များဟာ ယတြာမြောက်မြားစွာကို ယခုအချိန်မှာ ပြုလုပ်နေပြီးဖြစ်လောက်ပါပြီ။ မြန်မာနိုင်ငံရဲ့ အာဏာရှင်များနဲ့ ဝေဒပညာရှင်များရဲ့ စီးပွားပျက်ကပ်ကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ အချက်ကိုတော့ ကျွန်တော်များအနေနဲ့ကတော့ တစ်နှစ်ပတ်လုံး ထိုင်စားလို့ရအောင် ကြိုတင်စုဆောင်းထားတဲ့ ယတြာချေ ထားပြီးဖြစ်တာမို့ ပြုံးပြုံးလေး ကြည့်လိုက်ကြရအောင်လားခင်ဗျာ။

No comments: