Saturday, September 27, 2008

Wholly Predatory Economy?

မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကို ကြည့်လိုက်မယ်ဆိုရင်တော့ အောက်ပါအတိုင်းတွေ့ရ ပါတယ်တဲ့။
မြန်မာနိုင်ငံမှာ ထိရောက်တဲ့ မြေယာပိုင်ဆိုင်မှု အခွင့်အရေး လုံးဝမရှိပါဘူး။
စာချုပ်ချုပ်ဆိုလုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေဟာ ဥပဒေအတိုင်းလိုက်နာဆောင်ရွက်မှု ရှိသလားဆိုတော့လဲ လုံးဝမရှိပါ။
Macro Economic နဲ့ သက်ဆိုင်တဲ့ စီးပွားရေးပေါ်လစီတွေကလဲ ကြုံရာ ကျပန်း ပေါက်လွှတ်ပဲစား ချမှတ်တာပါပဲတဲ့။ ပေါက်လွှတ်ပဲစားချမှတ်ထားတဲ့ ပေါ်လစီတွေဟာ သောက်တစ်လွဲတွေဖြစ်နေယုံသာမက ပြည်သူလူထုကို အသိပေးတင်ပြမှုဆိုတာကလဲ မရှိသလောက်ပါပဲ။
လိုအပ်တဲ့ အဆိုးရအသုံးစားရိတ်မှန်သမျှကို ဖြေရှင်းပေးတဲ့ စံနစ်က စာရွက်များကို ပိုက်ဆံ အဖြစ် ပြောင်းလဲ ရိုက်ထုတ်ပေးခြင်းနည်းလမ်းနဲ့ ဖြေရှင်းပါတယ်တဲ့။ အဲဒီ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ၊ ငွေကြေးဆိုင်ရာ ကမောက်ကမဖြစ်မှုတွေ နှစ်စဉ်နဲ့ အမျှ တိုးတက်ဖြစ်ပေါ်လာမယ်ဆိုတာဟာလဲ လမ်းဘေးက ခွေးတောင်သိပါတယ်။
ချစားမှုဟာ ကမ္ဘာပေါ်မှာ အမှတ်စဉ် (၁) နဲ့ (၂) နေရာကို နှစ်စဉ်နှစ်တိုင်း ယူနေကြဖြစ်တဲ့ အပြင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စားရိတ်သုံးစွဲမှုဟာ အရှေ့တောင်အာရှနိုင်ငံ တွေထဲမှာ အနည်းဆုံး ဖြစ်နေတဲ့အပြင် နောက်ထပ်အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အသုံးစားရိတ်နဲ့ ယှဉ်လိုက်ရင်တောင် တစ်ဝက်ပဲရှိပါတယ်။ ဒီစံနစ်ရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုဟာ တစ်ကမ္ဘာလုံးမှာ ဆီရီယာလီယွန်း နိုင်ငံပြီးရင် အဆိုးဝါးဆုံးပါပဲလို့ UNICEF က တရားဝင်ထုတ်ပြန်ထားပါတယ်။
ပညာရေး မှာတော့ရော - ကျေးလက်နေပြည်သူများ စာတတ်မြောက်မှုနှုန်းဟာ ကိုလိုနီခောတ်ကနဲ့ ယှဉ်လိုက်ရင်ကို ရာခိုင်နှုန်းတစ်ဝက်မပြည့်တော့ပါဘူးတဲ့ခင်ဗျား
အကျင့်စာရိတ္တနဲ့ ရှက်ကြောက်မှုဆိုတာ လုံးဝမရှိတဲ့ အဆိုးရရဲ့ အောက်ဆွဲများကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနှစ်စဉ် တိုးတက်မှုမှာ ဂဏန်း၂လုံး ရှိတယ်လို့ အရှက်မရှိပြောနေကြဆဲပါပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိရရှိနေတဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ နယ်ပယ်တွေထဲကိုပဲ လှိမ့်ဝင်နေတာဖြစ်ပြီးတော့ အဲဒီ့ရင်းနှီးမြုပ်နှံမှုတွေက ရရှိလာတဲ့ အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာမှု ဟာ အလွန်ပဲ နည်းပါးပါတယ်။ ဒါ့အပြင် အလွန်အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှု Skill များ မြန်မာပြည်သူများ လက်ထဲကို ရောက်ရှိလာမှုဆိုတာကလဲ မရှိသလောက်ပါပဲတဲ့။
နိုင်ငံတစ်ခုဟာ အမှန်တစ်ကယ်စီးပွားရေး ပြောင်းလဲနေတာဟုတ်မဟုတ်ကို ညွှန်ပြတဲ့ ဂျီဒီပီတစ်ခုလုံးမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ (Manufacturing and processing sector) ရဲ့ရာခိုင်နှုန်းဟာ ၁၃% မျှသာရှိပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက ၃၅% ၊ တရုတ်ပြည်က ၄၂% နဲ့ ဒေသတွင်းမှာ နောက်ထပ်အနိမ့်ဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၉% နဲ့ နှိုင်းယှဉ်ကြည့် လိုက်ရင် မြန်မာနိုင်ငံဟာ အောက်ဆွဲများပြောနေသလို စီးပွားရေးတိုးတက်နေတဲ့ နိုင်ငံ ဟုတ်မဟုတ်ဆိုတာ ကွင်းကွင်းကြီးမြင်နိုင်ပါတယ်။
ပိုပြီးဆိုးတဲ့ အရာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ လူ့ စွမ်းအားအရင်းအမြစ်တွေကို အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများနဲ့ တရုတ်နိုင်ငံကပါ ကောင်းကောင်းကြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ကြခြင်းပါပဲ။ သူတို့ ဘာဖြစ်လို့ ဒီလိုမျိုး လုပ်ကြသလဲဆိုတော့ အဲဒီ့နိုင်ငံတွေကိုယ်တိုင်ကပဲ မိမိအကျိုးစီးပွားပဲ ကြည့်ကြတဲ့ အာဏာရှင်ဆန်ဆန်နိုင်ငံ တွေဖြစ်နေလို့ပါပဲတဲ့။
စီးပွားရေးပညာရှင်များ ဆိုကြတာကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်နေကြရတာဟာ (wholly predatory economy) လို့ခေါ်တဲ့ လိမ်ညာသတ်ဖြတ် အနိုင်ကျင့်စားသောက်ကြရတဲ့ ကပ်ပါးကောင်စီးပွားရေးပါတဲ့။ တစ်ခြားအာဏာရှင်နိုင်ငံတွေမှာ လဲဒီလိုမျိုးခေါင်းပုံဖြတ်ကြတာပါပဲ။ ဒါပေမဲ့ တစ်ခြားနိုင်ငံက အာဏာရှင်တွေဟာ သွေးစုတ်တာတောင်မှ အစုတ်ခံနေရတဲ့ သူ သေမသွားဘို့ အရေးကြီးတယ်ဆိုလောက်ကိုတော့ သဘောပေါက်ကြသေးတယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။
စီးပွားရေး ပညာရှင်များနှိုင်းယှဉ်ပြခဲ့တာတစ်ခုရှိပါတယ်။ တစ်ခြားနိုင်ငံက အာဏာရှင်တွေဟာ တစ်ပါးသူတွေကြိုးစားမှုကြောင့် ရရှိလာတဲ့ အကျိုးအမြတ်ပေါ်မှာ ခေါင်းပုံဖြတ်တဲ့ racketeer တွေဆိုရင် မြန်မာနိုင်ငံက သူတောင်းစားများကတော့ သူတို့ကိုယ်တိုင်လဲ မလုပ်နိုင်၊ မလုပ်တဲ့၊ နားမလည်တဲ့ အရာတစ်ခုခုဆိုရင် ဖျက်ဆီးပစ်ဘို့ သာတတ်တဲ့ လုယက်ဖျက်ဆီးသူ looters များသာဖြစ်ကြောင်း နှိုင်းယှဉ်ပြထားတယ်လို့ ပြောကြားရင်း -
ဒီတစ်ပတ်ခဏနားပါဦးမယ်ခင်ဗျား

Friday, September 26, 2008

What we are needed for reviving Our Mother Land's economy?

ပိုင်ဆိုင်မှု အခွင့်အရေးတွေကို အသိအမှတ်ပြုတာတွေ၊ ဥပဒေအရ အုပ်ချုပ်မှု ပြုလုပ်တာတွေ နဲ့ အပြိုင်လိုအပ်နေတဲ့ အရာတွေကတော့ နိုင်ငံသူနိုင်ငံသားများရဲ့ ပြောရေးဆိုခွင့် "Peoples Voice" နဲ့ နိုင်ငံရေးနယ်ပယ်မှာ ပူးပေါင်းပါဝင်ခွင့်ပေးအပ်မှုပဲဖြစ်ပါတယ်။ ဘယ်လိုအရာမျိုးတွေ ပါဝင်ရမလဲဆိုတော့ အခြေခံ အကျဆုံး လူ့အခွင့်အရေးများရရှိမှု (basic civil liberties) လွပ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် (Freedom of Press) အသင်းအဖွဲ့များ လွတ်လပ်စွာတည်ထောင်နိုင်ခွင့် အစရှိတာတွေပဲဖြစ်ပါတယ်။ Basic civil liberty ရဲ့ အဓိကအကျဆုံး အဓိပ္ပာယ်ဖွင့်ဆိုမှုကတော့ ပြည်သူများအား အစိုးရတစ်ရပ်၏ မတရားပြုကျင့်မှုခံရခြင်းမှ အကာအကွယ်ပေးခြင်း လို့ ကောက်ဆိုလို့ရပါတယ်။ ည (၁၀)နာရီ ရောက်ရင် ဆိုင်တွေအားလုံးပိတ်ရမယ်ဆိုတဲ့ နိုင်ငံလိုမျိုးမှာ အခြေခံ လွတ်လပ်ခွင့် ရှိ၊ မရှိ ဆိုတာ တွေးကြည့်စရာတောင် မလိုပဲနဲ့ သိနိုင်ကြမယ်လို့ထင်ပါတယ်။ လွပ်လပ်ခွင့် နဲ့ စီးပွားရေး ဘာဆိုင်လို့လဲ မေးစရာရှိပါလိမ့်မယ်။ ည ၁၀နာရီဆိုင်ပိတ်တဲ့အတွက် ဈေးမရောင်းရ၊ ဈေးမရောင်းရတဲ့အတွက် ၀င်ငွေမရှိ၊ ၀င်ငွေမရှိတော့ စီးပွားရေးကျတယ်လို့ ညည်းနေကြတဲ့ လမ်းဘေးဆိုင်ပိုင်ရှင်များတောင် ဒီဆက်စပ်မှုကို သဘောပေါက်နိုင်ကြပါတယ်။
အဲဒီလို အခြေခံ လွတ်လွပ်ခွင့်တွေ၊ လွပ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်များပေးခြင်းရဲ့ အကျိုးကျေးဇူးကတော့ တည်ငြိမ်မှုရှိတဲ့ ပေါ်လစီများပေါ်ပေါက်လာစေဘို့အတွက် တွန်းအားပေးတယ်၊ စိတ်ဓာတ်ချစား လာဘ်စားမှုများကို လျော့ပါးနိုင်စေတယ်၊ ယုံကြည်စိတ်ချ နိုင်တဲ့ လူ့အသိုင်းအ၀န်းတစ်ခုကို ပေါ်ပေါက်လာစေတယ်။ ထင်ရာစိုင်းပြီးတော့ မြေယာ သိမ်းယူမှုတွေ ၊ အဆောက်အဦး သိမ်းယူမှုအစရှိတာတွေကို နိုင်ငံသားတစ်ဦးချင်းစီအပေါ်မှာ အကာအကွယ်ပေးနိုင်တယ် - အစရှိတဲ့ အကျိုးကျေးဇူးတွေရရှိလာပါလိမ့်မယ်။
တွေ့သမျှမြေကွက်ကို လက်ညိုးထိုး ခွဲဝေယူနေကြတဲ့ လက်ရှိအဆိုးရအဖွဲ့ ၀င်တွေရဲ့ ပုံနှိပ်ထုတ်ဝေမှုအပေါ်မှာ အပြင်းအထန်ကန့်သတ်မှု ပြုလုပ်ခြင်းဟာ အဆိုးရအရှက်မရှိ ပါးစပ်ကတစ်ကြော်ကြော်အော်နေတဲ့ အတိုင်း နိုင်ငံသားချင်းတစ်ဦးစီကို ကာကွယ်မှုပေးနေတယ်ဆိုတာ ဟုတ်သလား၊ ပေးမနေဘူးလားဆိုတဲ့ အဖြေကို ရှင်းရှင်းကြီးပြသလို့ နေပြီးဖြစ် ပါတယ်။

Monday, September 15, 2008

Economic Growth Vs Economic Development

စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု (Economic Development) ဆိုတဲ့ စကားလုံးကို စီးပွားရေး အဆောက်အအုံတွေထဲမှာ ရှိနေတဲ့
- ကုန်ထုတ်လုပ်မှုပုံစံတွေရဲ့ အခြေခံဖွဲ့ စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲမှု
- နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အသင်းအဖွဲ့ တွေတိုးတက်လာမှု တွေကြောင့် ဖြစ်ပေါ်လာတဲ့
အချိုးညီညီတိုးတက်လာတဲ့ လူနေထိုင်မှု အဆင့်အတန်း၊ ကျယ်ကျယ်ပြန့် ပြန့် တည်ရှိနေပြီးတော့ လူအများစုက ခွဲဝေခံစားနိုင်မှုရှိတဲ့ ရေရှည်တည်တံ့မှု ရှိနိုင်တဲ့ စီးပွားရေး ကြီးထွားမှုနှုန်း (Sustainable Economic Growth) ရှိမှသာ ဒီ Economic Development ဆိုတဲ့ စကားလုံးကို အသုံးပြုဘို့ ကန့် သတ်ချက် ထားရမယ်။

ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ဆင်းရဲသားတွေရဲ့ လူနေမှုအဆင့်အတန်းအစရှိတာတွေ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအဆောက်အအုံတွေ ရှင်သန်လည်ပတ်နေတဲ့ ပုံစံဟာ စံနစ်ကျမှုရှိမရှိ၊ ဖွံ့ ဖြိုးတိုးတက်မှုရှိ မရှိဆိုတာကို ထည့် သွင်းမစဉ်းစားပဲနဲ့ သဘာဝအရင်းအမြစ်များ ထုတ်ယူအသုံးပြုခြင်း၊ အဓိပ္ပာယ်နှစ်မျိုး ကောက်နိုင်တဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဖြန့် ဖြူးမှု၊ စတဲ့ ကျဉ်းမြောင်းတဲ့ အချက်များပေါ်မှာသာ အခြေခံထားတဲ့ Economic Growth ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်နဲ့ ကျယ်ပြန့် မှုရှိတဲ့ Economic Development ဆိုတဲ့ စကားလုံး ၂ခုရဲ့ ကွာခြားချက် ကြီးမားမှုကို ကွဲကွဲပြားပြား သိလာနိုင်ပါလိမ့်မယ်။
(Adelman and Morris 1997)
Economic Development ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေကို ချိန်ထိုးကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှုဆိုတာ လုံးဝမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ စီးပွားရေး ဆုတ်ယုတ် နေတဲ့ နိုင်ငံ တစ်ခုအဖြစ်ဖော်ပြမယ်ဆိုရင်သာ အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ သဘာဝဓာတ်ငွေ့ ရောင်းချရာက ရရှိလာတဲ့ ငွေတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကြီးထွား မှု (Economic Growth) နောင်နှစ်အနည်းငယ်ကြာသည့် တိုင်အောင် ဆက်လက်တည်ရှိနေဦး မှာပါ။
မြန်မာနိုင်ငံရဲ့ စီးပွားရေး ရေရှည် ဖွံ့ ဖြိုးတိုးတက်လာဘို့ဆိုတာကို ထားလိုက်ပါဦး။ ရေတိုစီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ရဘို့ တင်ကို ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရပါလိမ့် ဦးမယ်။ ဒါပေမဲ့ အဲဒီ့ပြုပြင်ပြောင်းလဲမှုတွေကပဲ လက်ရှိလိုအပ်နေတဲ့ တိုင်းပြည်ရဲ့ ၀င်ငွေ၊ ထုတ်ကုန်၊ အလုပ်လက်မဲ့ နှုန်း၊ ငွေကြေးဖောင်းပွမှု၊ ရင်းနှီးမြုပ်နှံမှု၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု နဲ့ ငွေကြေးစီးဆင်းမှု၊ စုဆောင်းနိုင်မှု အစရှိတာတွေနဲ့ ဆက်စပ်နေတဲ့ Macro Economic ဆိုင်ရာ စီးပွားရေးကဏ္ဍတွေရဲ့ တည်ငြိမ်မှုကို တည်ဆောက်ပေးနိုင်မှာဖြစ်ပြီးတော့ နောင်အနာဂတ်ကာလမှာ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာစေဘို့ အတွက် အခြေခံ အုတ်မြစ်အဖြစ် တည်ဆောက်ပေးသွားပါလိမ့်မယ်။
ဒါပေမဲ့ ဒီလိုမျိုး ရေတိုစီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကလေးကို ရရှိဘို့ရာအတွက်ကို ပြုပြင်ပြောင်း လဲရေးလုပ်ဘို့ဆိုတာက မြန်မာနိုင်ငံမှာ သိပ်ပြီးတော့ လွယ်လှတဲ့ ကိစ္စမဟုတ်ပါဘူး။ မြန်မာ ပြည်သူတွေအမှန်တစ်ကယ်ဖွံ့ ဖြိုးတိုးတက်လာတာကို မြင်ချင်တယ်ဆိုရင် Political Economy လို့ ခေါ်တဲ့ နိုင်ငံရေးကို အသုံးချပြီးတော့ စီးပွားရေးကို လုပ်ကိုင်နေတဲ့ အပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
နောက်ထပ်သေချာတဲ့ အချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး အမှန်တစ်ကယ် ဖွံ့ ဖြိုး တိုးတက်စေချင်တယ်ဆိုရင် ခိုင်မာစိတ်ချရတဲ့ အခွန်ကောက်ယူမှုဆိုင်ရာ ပေါ်လစီတွေ၊ ငွေလဲလှယ်နှုန်းထားကို တစ်ခုထဲသာဖြစ်နေအောင် သတ်မှတ်မှုတွေ၊ အတိုးနှုန်းလွတ်လပ်စွာ သတ်မှတ်ခွင့်တွေသာ မကပဲနဲ့ Institutional Reform လို့ ခေါ်တဲ့ အဖွဲ့ အစည်းတွေ လည်ပတ် နေမှုပုံစံတွေကိုပါ ပြုပြင်ပြောင်းလဲ ပစ်ရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ပြောင်းလဲပစ်ဘို့ လိုအပ်နေတဲ့ နေရာတွေကတော့

- ထိရောက်တဲ့ မြေယာ နဲ့ Property ပိုင်ဆိုင်မှု ဥပဒေတွေ
- အခြေခံ အကျဆုံး လူသားတစ်ယောက်ရရှိသင့်တဲ့ လူ့ အခွင့်အရေး ပိုင်ဆိုင်မှုတွေ
- အမှန်တစ်ကယ် လည်ပတ်စီးဆင်းနိုင်တဲ့ အခြေခံ အကျဆုံး အဖွဲ့ အစည်းများ
- ယထာဘူတကျကျ Consistant ဖြစ်တဲ့ အစိုးရရဲ့ ပေါ်လစီချမှတ်မှုတွေနဲ့ ရိုးသားမှုရှိပြီး တော့ စွမ်းဆောင်နိုင်မှုရှိတဲ့ အစိုးရ၀န်ထမ်းများရဲ့ အဲဒီ့ပေါ်လစီတွေကို ဝေမျှပေးနိုင်မှု
- ယခုလက်ရှိတည်ရှိနေဆဲဖြစ်တဲ့ ပုဂ္ဂလိပိုင် စီးပွားရေးလုပ်ငန်းတွေပေါ်မှာ ချုပ်ချယ်ထားတဲ့ အပိုင်းတွေ
- နိုင်ငံတကာကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ကို တံခါးဖွင့်ပေးမှု တွေအစရှိတဲ့ အချက်တွေ အချက်တွေ အများကြီး ပြောင်းလဲပြစ်ရဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အဆိုးရဟာ အထက်ပါပေါ်လစီတွေကို ချမှတ်ကျင့်သုံးမယ်လို့ မျှော်လင့်ရင်တော့ လပေါ်က ဆန်ဖွတ်တဲ့ အဖိုးအိုဆီကနေ ထမင်းဆီဆမ်းကို ရွှေလင်ပန်း နဲ့ လာပေးမှာကို စောင့်နေတာနဲ့ တူနေပါလိမ့်မယ်။
ပိုင်ဆိုင်မှု (Property) အခွင့်အရေးတွေကို အသိအမှတ်ပြုခြင်းနဲ့ အဲဒီ့ကနေတစ်ဆင့်တက်ပြီး တော့ ဥပဒေနဲ့ အုပ်ချုပ်ခြင်း (Rule Of Law) စတဲ့ အချက်နှစ်ခုဟာ ရေရှည်စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ဘို့ရာအတွက် အခြေခံအကျဆုံး အချက်၂ခုဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေ ကသတ်မှတ်ထားကြပါတယ်။ Right of Property ကို လေးစားခြင်းဟာ မိမိရဲ့ ကြိုးစားဆောင်ရွက်မှုကြောင့်ရရှိလာတဲ့ အသီးအပွင့်တွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင် တဲ့ အခွင့်အလမ်းတွေကို ပေးတာဖြစ်တဲ့အတွက် ရင်းနှီးမြုပ်နှံမှုတွေတိုးပွားလာစေတယ်လို့ စီးပွားရေးပညာရှင်တွေကဆိုပါတယ်။ အဲဒီ့ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာနိုင်ငံလို စီးပွားရေးအရ နိမ့်ကျနေတဲ့ (ပြောသာပြောရတာ စီးပွားရေးအရသာနိမ့်ကျတာ မဟုတ်ပါဘူုးခင်ဗျာ၊ လူတွေတောင်မှ မြန်မာနိုင်ငံသားဆိုရင် သူတောင်းစားလိုလို သူခိုးလိုလို မျက်လုံးနဲ့ အကြည့်ခံရတော့တာပါပဲ) နိုင်ငံတွေ အတွက် အသက်တမျှအရေးကြီးတဲ့ အရာတွေပါပဲ။

နောက်တစ်ပတ်မှ ဆက်ပါတော့မယ်ခင်ဗျား

Saturday, September 6, 2008

The War that Our Rapist Army Can't Fight

စစ်ပွဲတွေဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ၀ိရောဓိ အမြင်တွေရှိလာတဲ့ အချိန်ကစပြီးတော့ ဖြစ်ပွားလာခဲ့တဲ့ အရာတွေဖြစ်ပါတယ်။ အဲဒီ့ဝိရောဓိတွေဟာ ယနေ့ ယခုအချိန်အထိတိုင်အောင် ကမ္ဘာကြီးရဲ့ နေရာ အရပ်ရပ်မှာနေထိုင်နေကြတဲ့ လူတွေအကြား မှာ တည်ရှိနေဆဲပါ။ ပြီးဆုံးနိုင်မဲ့ လမ်းစကိုလဲ မြင်နိုင်စွမ်းမရှိလောက်အောင်ကိုပါပဲ။
စစ်ပွဲ ဆိုတဲ့ စကားလုံးကို ဆက်လက်ပြီးတော့ အဓိပ္ပာယ် ပြည့်ပြည့်စုံစုံ ခွဲခြမ်း စိတ်ဖြာကြည့် လိုက်ရင်
အုပ်စုအဖွဲ့တွေအချင်းချင်း ကြားမှာ လက်နက်ကိုင်တိုက်ခိုက်မှု - သတ်ဖြတ်ဖျက်ဆီး ခြင်းများပါဝင်သည့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ (သို့) အုပ်စုတစ်ခုနှင့် တစ်ခု အကြား ကွဲပြားသည့် ၀ိရောဓိ
စစ်ပွဲကာလ - တစ်ဖွဲ့ နှင့် တစ်ဖွဲ့ လက်နက်စွဲကိုင် တိုက်ခိုက်နေသည့် အချိန်ကာလ
စစ်ဆင်ရေးနည်းလမ်းများ - လက်နက်ကိုင်တိုက်ခိုက်နေသည့် အချိန်ကာလအတွင်း အသုံးပြုကြသည့် နည်းလမ်းများနှင့် ထိုနည်းလမ်းများအား လေ့လာမှု
ဝိရောဓိ - ချုပ်နှောင်ခြင်းမှာ ကင်းလွတ်ခွင့်ရရန် အပြင်းအထန်ကျိုးစားမှုများ ၊ လူပုဂ္ဂိုလ် အချင်းချင်း သဘောထား ကွဲလွဲမှုများ
တစ်စုံတစ်ခုအား အဆုံးသတ်စေရန် ပြင်းပြင်းထန်ထန်ကြိုးစားမှု - အန္တရာယ်ဖြစ်စေနိုင်သည့် အရာတစ်ခုခုအား အမြစ်ဖြတ်ပစ်ရန်ကျိုးပန်းခြင်း - ဥပမာ - မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက် အစရှိသည် - အစရှိတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးတွေ ထွက်လာနိုင်ပါတယ်။

အခုအချိန်မှာဆိုရင် ကျွန်တော်တို့ရဲ့ တပ်-မတော် အဆိုးရကြီးဟာ စစ်ပွဲပေါင်းများစွာကို အောင်ပွဲခံခဲ့တဲ့ အဆိုးရကြီး ဖြစ်နေတာဟာ ကမ္ဘာကသိကြပြီးဖြစ်လို့လာပါပြီ။ နယ်မြေအေးချမ်းတည်ငြိမ်ရေးနဲ့ ပြည်သူလူထု တောင်းစားရေးအတွက် တိုက်ခဲ့ရတဲ့ စစ်ပွဲတွေ ကြိုးပမ်းခဲ့တဲ့ စွမ်းဆောင်မှုတွေဟာ အန်ထွက်လောက်အောင်ကို အံ့မခန်းရှိလှပါတော့တယ်။ ဒီကြားထဲမှာ သာသနာတော်ကြီး သန့်ရှင်းဖြူစင်ဘို့အတွက် သံဃာအတုအယောင်တွေကို လဲ ရှင်းလင်းပေးခဲ့တဲ့ ငရဲလားမဲ့ တာဝန်ကြီးကိုလဲ ရဲရဲဝံ့ဝံ့ကြီး ထမ်းဆောင်ပေးခဲ့ပြီးဖြစ်လို့နေပါ တယ်။ မီဒီယာကို မီဒီယာနဲ့ တိုက် ရမယ်ဆိုတဲ့ မီဒီယာစစ်ပွဲကြီးကိုလဲ သောက်သုံးမကျ ပြည်သူ့ ပိုက်ဆံ ထိုင်စားနေတဲ့ ငတောင်းစား ငစနူ တစ်သိုက်နဲ့ ဆင်နွဲလို့ နေခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျား။

ဒါပေမဲ့ ဒီလိုမျိုးစစ်ပွဲတွေဆိုတာ ကမ္ဘာကြီးရဲ့ အရပ်ရပ်မှာဖြစ်ပျက်နေတာ ၊ နိုင်ငံတွင်းမှာသာ မက နိုင်ငံအချင်းချင်းမှာပါ ဖြစ်ပျက်နိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာပြည်သားတွေ စိတ်ဖြေကြပါလို့ ပန်ကြားလိုပါတယ်။ တစ်ခြားနိုင်ငံတစ်ခုက စစ်ပွဲတစ်ခုကို လေ့လာကြည့် ကြရအောင်လားခင်ဗျာ။

ကွေကာအုပ် ထုပ်လုပ်တဲ့ အုပ်စုကြီးနှစ်ခုရဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုမှာ ဖြစ်သွားခဲ့တဲ့ တိုက်ပွဲတစ်ခုပါ။
အသာစီးရသွားတဲ့ ကွေကာအုပ်ကုမ္ပဏီအသုံးပြုသွားတဲ့လက်နက်က ထုပ်ပိုးတဲ့ ဘူးကို အလျားလိုက်ထောင်ထားတဲ့ ဘူးကနေ ဒေါင်လိုက် ဘူးအဖြစ်ပြောင်းလိုက်တယ်။ ဘူးပုံစံ ကိုပြောင်းလိုက်ပြီးတော့ ဘူးပေါ်မှာ အသစ်ဆိုတဲ့ တံဆိပ်တစ်ခုကို ထပ်ကပ်လိုက်တယ်။ ဒါပါပဲ။
ဘယ်ကနေဘယ်လိုစစ်မျက်နှာဖြစ်သွားရတာလဲ။
ကွေကာအုပ် ကုမ္ပဏီသိမ်းပိုက်လိုက်တဲ့ နယ်မြေကတော့ စတိုးဆိုင်တွေထဲက ပစ္စည်းတင်တဲ့ စင်တွေပါပဲ။ ဒီစင်တွေရဲ့ နေရာကို သိမ်းပိုက်လိုက်တာဟာ စစ်ပွဲကြီးတစ်ခုမှာ ရေဒါစခန်း တစ်ခုကို သိမ်းပိုက်လိုက်တာ၊ ဆိပ်ကမ်းကြီးတစ်ခုကိုသိမ်းပိုက်လိုက်တာနဲ့ ညီမျှတယ်။ ဘူးက ဒေါင်လိုက်ဖြစ်သွားတဲ့အတွက် ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေအများကြီးတင်လို့မရ တော့ဘူး။ ပြီးတော့ ဘူးတံဆိပ်ကလဲ လူတွေရဲ့ မျက်စိနဲ့ တည့်တည့်ကျသွားတယ်။ ကုမ္ပဏီမှာ Bargaining Power လို့ခေါ်တဲ့ လျှော့ဈေးနဲ့ ပေးနိုင်တဲ့ ပါဝါရှိရင် အဲဒီ့ နေရာကို တစ်ခြားပြိုင်ဘက်ကုမ္ပဏီတွေက ပြန်လည်တိုက်ယူဘို့ဆိုတာ အလွန်ခက်ခဲတဲ့ အရာဖြစ်သွားပြီ။ ရေဒီယိုတွေ၊ တီဗီတွေထဲမှာလဲ အသစ်ထုတ်လုပ်လိုက်သော ဆိုတဲ့ စကားလုံးက စားသုံးသူတွေကိုစွဲဆောင်နေပြီ။ ဒီတစ်ပွဲမှာ ကွေကာအုပ်ကုမ္ပဏီ အနိုင်ရလိုက် ပြန်ပြီပေါ့။ ဒါပေမဲ့ နောက်တစ်ပွဲအတွက် လက်နက်တွေ၊ နည်းလမ်းတွေက အဆင်သင့်။ နောင်ဆက်လာမဲ့ စစ်ပွဲတွေအတွက် အဆင်သင့်။

သူတို့ စစ်ပွဲတွေက ၀ါးရင်းတုတ်မသုံးပါလား။ လူမသတ်ပါ့လား။ ဒါပေမဲ့ တစ်ခြားနိုင်ငံက လူတိုင်းလူတိုင်းဟာ စစ်ပွဲကြီးတွေကို နေ့စဉ်မပြတ်ဆင်နွှဲနေကြတယ်ဆိုတာကတော့ အသေအချာ။ ငါတို့နိုင်ငံမှာကော။

ကျောက်ရူးကြီးရဲ့ ဇာတိ ကျောက်ဆည် တစ်ဝိုက်မှာ ကားကြီးကားငယ်အသွယ်သွယ်နဲ့ တိုင်းတစ်ပါးသားတွေ စစ်ပွဲကြီးတွေကိုဆင်နွှဲနေကြတယ်။ ဟိုးအောက်ပြည်မော်လမြိုင်မှာထိ တိုင်းတစ်ပါးသားတွေခြေဆန့်နေကြတယ်။ မြန်မာပြည်ရဲ့ အပေါ်ပိုင်းတစ်ခုလုံးနီးနီး တရုတ်တွေက လယ်မြေတွေကို ငွေပေး၊ သူတို့ဘာသာစိုက်၊ သူတို့ဘာသာ ရိတ်၊ ထွက်သမျှ တရုတ်ပြည်ကို ပြန်သယ်လုပ်နေတာ နှစ်တွေအတော်ကြာလာပြီ။ ဒါတွေဟာ ကုန်ဈေးနှုန်း တက်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုဆိုတာ လေးတန်းဦးနှောက်ရှိရင် စဉ်းစားတတ်တယ်။
ဝါးရင်းတုတ်တစ်ပြင်ပြင်၊ သေနတ်တစ်ပြပြနဲ့ ကောင်တွေ ဘုန်းကြီးသတ်မဲ့ အစား၊ မီဒီယာစစ်ပွဲတိုက်မဲ့အစား အဲဒီ့စစ်ပွဲကို နိုင်အောင်တိုက်ကြပါ့လားကွ။
မင်းတို့ ဘယ်လောက်ပဲ ဘုန်းကြီးသတ်လို့နိုင်နိုင်၊ တိုင်းတစ်ပါးသားတွေနဲ့ တိုက်နေတဲ့ စီးပွားရေး စစ်ပွဲမှာ မရှုမလှရှုံးနေတဲ့ အဖြစ်ကိုတော့ ဘွင်းဘွင်းကြီး ငါတို့ မြင်နေရတယ်ဟေ့
စီးပွားရေးဆိုတာ စစ်ပွဲတစ်ခုဆိုတာကိုလဲ သတိရကြဦးနော် - - - မင်းတို့ကို မင်းတို့ ယောင်္ကျား အစစ်လို့ထင်ရင်တော့ မင်းတို့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ မြန်မာအမျိုးသားတွေ အရှုံးကြီးရှုံးနေတဲ့ ပြည်တွင်းကစစ်ပွဲကို ၀င်နွှဲ လိုက်ကြပါဦးကွယ် - အောက်ဆွဲ အပေါင်းတို့ရယ် - -