Thursday, June 5, 2008

How Long Can You all Control, nuts? We'll wait and see.

ုပြည်သူတွေ စားနပ်ရိက္ခာ ဖူလုံနိုင်ရေး၊ နိုင်ငံ့အတွက်လိုအပ်တဲ့ နိုင်ငံခြားငွေရရှိရေးနဲ့၊ မြန်မာနိုင်ငံမှာ မှီတင်း နေထိုင်ကြတဲ့ အမျိုးသားများရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဘို့ရာအတွက် မြန်မာနိုင်ငံရဲ့ အဓိကထုတ်ကုန် ကဏ္ဏကြီးတွေဖြစ်တဲ့ ဆန်စပါးနဲ့ လယ်ယာထွက်ကုန် ကဏ္ဏတွေကို အစိုးရက ထိန်းချုပ်ခဲ့တာဟာ ရာစုနှစ် တစ်ဝက်မကကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ့နောက်ကွယ်မှာတည်ရှိနေတဲ့ မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ရဲ့ အရေးပါတဲ့ နိုင်ငံရေး နဲ့ စီးပွားရေး ယုံကြည်မှုကြီးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆန်စပါးနဲ့ လယ်ယာထွက်ကုန်တွေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း တွေကို ထိန်းချုပ်နိုင်ခြင်းဟာ အာဏာဆက်လက် စွဲကိုင်ထားဘို့အတွက် အဓိကအကျဆုံးအချက်ပဲဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုပဲ ဖြစ်ပါတယ်။ အဲဒီ့အတွက်ကြောင့်ပဲ စစ်အစိုးရဟာ ဆန်စပါးနဲ့ အခြားအဓိကကျတဲ့ လယ်ယာထွက်ကုန်တွေ ထုတ်လုပ်ရောင်းချခြင်းကို ထိန်းချုပ် နိုင်ဘို့အတွက် လိုအပ်တဲ့ အရာမှန်သမျှကို အတင်းနည်းရော အဓမ္မနည်းပါ မကျန် လိုက်နာကျင့်သုံးတယ်ဆိုတာကို ကျွန်တော်တို့ သိသာထင်ရှားစွာမြင်နိုင်ကြပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆို ရင် လယ်သမားတွေ ယာသမားတွေ မိမိစိတ်ကြိုက်သီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်ခြင်းမရှိတဲ့ အချက်တစ်ခုဟာ စစ်အစိုးရရဲ့ အာဏာတည်မြဲရေးအတွက် ယုတ်မာစွာလုပ်ဆောင်တဲ့အချက်များထဲက တစ်ခုဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။
၂၀၀၈ခုနှစ် မေလမတိုင်မီအချိန်ကာလအထိ တစ်လျောက်လုံးမှာ မြန်မာနိုင်ငံ ကို စားနပ်ရိက္ခာပြတ်လတ်မှုဆိုတဲ့ စကားလုံးနဲ့ ဘယ်လိုမှ ယှဉ်တွဲထားလို့မရနိုင်လောက်အောင်ကို မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံမှုရှိပါတယ်။ တစ်ချိန်က ဆန်စပါးတင်ပို့မှုမှာ ကမ္ဘာ့နံပါတ် (၁)နေရာကို ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၀၇ခုနှစ်မှာ နံပါတ် (၇)နေရာကိုတော့ ယူနိုင်သေးတယ်ဆိုတာကို တွေ့ရပါတယ်။ ဆန်တန်ချိန်အားဖြင့် သန်းပေါင်း ၂၅.၂ သန်းကျော်ထုတ်လုပ်နိုင်ခဲ့ပြီးတော့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းများအရ တန်ချိန် ၁သိန်းခွဲကျော်သာ နိုင်ငံခြားကို တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးဆန်တင်ပို့မှုရဲ့ ၀.၅ % သာရှိတာဖြစ်ပါတယ်။ ဒါပေမယ့် စာရင်းထဲမှာမပါတဲ့ ဆန်တန်ချိန် ၁၀ သန်းကျော် (တစ်ကမ္ဘာလုံး ဆန်တင်ပို့မှုရဲ့ ၃၄.၅% ကျော်ဟာ) ထိုင်းနိုင်ငံကို၊ တန်ချိန် ၄.၅ သန်းကျော်ဟာ အိန္ဒိယနိုင်ငံနဲ့ တန်ချိန် ၉ သိန်းကျော်ဟာ တရုတ်ပြည်ကို တရားမ၀င် ခိုးသွင်းရောက်ရှိပြီးတော့ အဲဒီ့နိုင်ငံများကနေမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိတယ်လို့ လေ့လာသူများ ကသုံးသပ်ကြပါတယ်။ ဒီလေ့လာချက်သာမှန်ကန်တယ်ဆိုရင် ကမ္ဘာ့ဆန်ဈေးကွက်အားလုံးရဲ့ ၄၀% ကျော် ၅၀% လောက်ဟာ မြန်မာနိုင်ငံကထွက်ရှိတယ်လို့ ကျွန်တော်တို့ယူဆရပါမယ်။ ဘယ်သူတွေကဘယ်လို တင်ပို့နေသလဲဆိုတာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။
ဒါပေမယ့် နာဂစ်မုန်တိုင်းအပြီး မြန်မာပြည်မှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက အကြိမ်ကြိမ်သတိပေး နေတာကို ကျွန်တော်တို့သိကြပြီးဖြစ်မှာပါ။ ဘာ့ကြောင့် သူတို့ဒါမျိုးသတိပေးရသလဲ၊ ဒီအချက်ဟာ မှန်ကန်နိုင်မှုရှိသလားဆိုတာ ကျွန်တော်တို့ တွက်ဆကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၈နှစ်ကျော် ၉နှစ်လောက်တုန်းက ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်က လုပ်ခဲ့တဲ့သုတေသန စာတမ်းများကို ကျွန်တော်တို့တင်ပေးလိုက်ပါတယ်။ အခုအချိန်မှာ အဲဒါမျိုးသုတေသနတွေ လုပ်နိုင်သေးရဲ့လားလို့ ကျွန်တော်တို့ကို လာမမေးပါနဲ့။ ရေဆင်းတက္ကသိုလ် ပါမောက္ခကြီး ဒေါက်တာ ဆလိုင်းထွန်းသန်း ဘာဖြစ်သွားသလဲ အားလုံးသိကြမှာပေါ့။ အဲဒီ့အထဲက စာတမ်း အမှတ်(၁)ထဲမှာပါတဲ့ မြန်မာနိုင်ငံရဲ့ မြေဆီလွှာနဲ့ မိုးရေချိန် အခြေပြမြေပုံကို ကိုးကားကြည့်လိုက်ရအောင်ပါ။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်ဘို့ အကောင်းဆုံးဖြစ်တဲ့ နုံးမြေ၊ လယ်မြေအမျိုးအစားများဟာ အခု မုန်တိုင်းဒဏ်ခံ လိုက်ရတဲ့ နေရာဒေသတွေမှာပဲ ရှိတယ်ဆိုတာ လူယုတ်မာများ သိအောင်တင်ပြလိုက်ပါတယ်။
နောက်တင်ပြလိုတဲ့အချက်တစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းက လှိုင်သာယာ ဘက်က ကားလမ်းနဲ့ မနီးမဝေးလယ်ကွင်းတွေထဲမှာ လယ်ထွန်စက် ၄၊၅ စီးလောက်ကို ဗီဒီယိုကင်မရာ အလုံး ၂၀လောက်က ၀ိုင်းအုံရိုက်ပြီးတော့ မုန်တိုင်းမိသွားတဲ့ ဒေသတွေမှာ ဆန်စပါးတွေစိုက်ပျိုးဘို့အသင့်ဖြစ်နေပြီ ဆိုပြီးတော့ လန်ကြုတ်ဇာတ်လမ်းဆင်နေပုံကို ကျွန်တော်တို့ မျက်ဝါးထင်ထင်မြင်တွေ့ ခဲ့ရပါတယ်။ သူတို့ကို ဒါလေးပြောပြလိုက်ပါခင်ဗျာ။
ဆန်စပါးစိုက်ပျိုးမယ်ဆိုရင် စပါးပင်ဟာ လေထုထဲက နိုက်ထရိုဂျင်ကို စုတ်ယူပြီးတော့ အစာချက်လုပ်ခြင်း ပြုပါတယ်။ အဲဒီ့နိုက်ထရိုဂျင်ကို ချက်လုပ်ဘို့ရန်အတွက် ဓာတ်မြေသြဇာ ကျွေးယုံတင်မရပဲနဲ့ မြေကြီးထဲမှာ ဘက်တီးရီးယားပိုးမွှားများကိုလဲ ပေါက်ပွားလာအောင် မွေးမြူယူရပါတယ်။ သာမန် မြေကွက်တစ်ခုကို ဆန်စပါး ကောင်းမွန်စွာထွက်ရှိလာဘို့အတွက် ကျောမွဲလယ်သမားတွေဟာ ၂နှစ်၊ ၃နှစ် အရှုံးခံ၊ အပင်ပန်းခံပြီးတော့ အဲဒီ့ဘက်တီးရီးယားတွေကို မွေးမြူလာခဲ့ကြရတာချည်းပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဆားရေဟာ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့အတွက် ဒဏ်ရာအနာတရ ရရှိ လာရင်တောင်မှ အရက်ပျံမရှိရင် ဆားသိပ်တာ၊ ဆားရေစိမ်တာ လုပ်ကြတာကို အများသိကြပြီးဖြစ်မှာပါ။ အခုအချိန်အထိ လယ်မြေ စတုရန်းမိုင်ပေါင်း ၁၉၀၀ကျော်ဟာ ရေအောက်ကို လုံးဝရောက်ရှိနေပြီးတော့ ကျန်ခဲ့တဲ့ ဧကသိန်း သန်းချီသော လယ်မြေများဟာလဲ ဆားငန်ရေ၀င်မှုဒဏ်ကို ခံလိုက်ရတယ်ဆိုတာကို ကျွန်တော်တို့ သိကြပြီး ဖြစ်ပါလိမ့်မယ်။ အတိုချုပ်ပြောရရင် ဆားငံရေ၀င်တော့ ဘာဖြစ်သလဲ၊ မြေထဲကဘက်တီးရီးယားတွေ သေပြီပေါ့ခင်ဗျာ။ ဘက်တီးရီးယားသေတော့ဘာဖြစ် သလဲ၊ နောက် ၂နှစ် ၃နှစ် အချိန်ယူပြီးတော့ မွေးပေါ့ဗျာ။ ဘယ်သူတွေကမွေးတဲ့အလုပ်ကို လုပ်မှာလဲ။ ကျွန်တော်တို့အထင်တော့ လုပ်မဲ့သူက သေလို့ သူရဲတွေ ဖြစ်နေလောက်ပြီ။ နဂိုဘက်တီးရီးယားပိုးတွေ ရှိနေပြီးသား သာမန်မြေဆီလွှာကိုတောင်မှ ၂နှစ် ၃နှစ် အချိန်ယူရတယ်ဆိုရင် ဆားငံရေ၀င်နေတဲ့ လယ်ကွက်တွေထဲကို အခုစိုက် ၊ အခုထွက် ၊ အခုနိုင်ငံခြားရောင်း အခုအိတ်ထဲထည့် လုပ်ချင်နေတဲ့ လူယုတ်မာများရဲ့ဦးနှောက်က အောချလောက်ပါပေတယ်လို့ ကျွန်တော်တို့ဆိုနိုင်ပါတယ်။ စိုက်ပျိုးရေးတက္ကသိုလ်က ရေးသားခဲ့တဲ့ စာတမ်းထဲမှာလဲ ဆားငံရေ၀င်ခြင်းဟာ တစ်ကယ့်ပြသနာကြီးဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းတင်ပြခဲ့တာကို သတိပြုစေလိုပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့အသိပေးလိုတာကတော့ နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့ မျိုးချစ်မြန်မာများ တတ်နိုင်သရွေ့ ဆန်ဝယ်ယူစုဆောင်းထားကြဘို့၊ (ဈေးတက်လာရင် ပိုက်ဆံအကုန်သက်သာတာ အရမ်းသိသာပါလိမ့်မယ်)။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့နေထိုင်ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံတွင်းမှာ လက်လှမ်းမှီသလောက် အလုံအလောက်ဝယ်ယူထားပြီးဖြစ်ကြောင်း ဆန်စပါးနဲ့ လယ်ယာထွက်ကုန်တွေကို ထုတ်လုပ်ဖြန့်ချီမှုကို ထိန်းချုပ်နိုင်ရေးဟာ အာဏာ တည်မြဲရေးအတွက် အသက်တမျှအရေးကြီးတဲ့ လူ့ဗာလများကိုပြောကြားလိုတာကတော့ ဘက်တီးရီးယားကိုက်ရင် အာဏာလက်ပြုတ်ဖြစ်ကာ သေတတ်တယ်လို့ အသိပေးပြောကြားရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။ (ဆန်ပိုးမတက်အောင် သံပုံး ထဲထည့် အလုံပိတ် စုနိုင်ပါတယ်ခင်ဗျာ)။

No comments: