Friday, August 1, 2008

Can we integrate into World's economy

ကမ္ဘာပေါ်မှာရှိကြတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးအဆောက်အအုံတွေဟာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသလို အပြန်အလှန် မှီခိုနေကြရမှု မျိုးရှိကြပါတယ်။ အဲဒါမျိုး မှီခိုနေရမှုဟာလဲ လွန်ခဲ့တဲ့ အနှစ် (၅၀)အတွင်းမှာ သိသိသာသာကြီး တိုးတက်လာခဲ့ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အပြန်အလှန်ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခြင်းမှသာလျှင် အဲဒီ့နိုင်ငံ အတွင်းမှာ ရှိနေတဲ့ လူအများရဲ့ လူနေမှု အဆင့်အတန်းဟာ မြင့်မားလာနိုင်မှာ ဖြစ်ပြီး လူနေထိုင်မှု အဆင့်အတန်းတိုးတက်လာတယ်ဆိုတာကိုလဲ ကမ္ဘာ့စီးပွားရေး စံနစ်ထဲမှာ ပါဝင် ရောင်းဝယ်ဖောက်ကားနေတဲ့ နိုင်ငံများက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ တစ်ခြားတစ်ခြားသော အကျိုးထူးများကိုလဲ နိုင်ငံတစ်ကာနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိနိုင်တယ်ဆိုတာဟာ ဒီကနေ့အချိန်အထိ မှန်ကန်နေဆဲပဲဆိုတာက ကျွန်တော်တို့ ရဲရဲ ကြီး ပြောရဲပါတယ်။
မြန်မာနိုင်ငံလို ဗဟို ထိန်းချုပ်မှုထက်ဆိုးတဲ့ တစ်အုပ်စု အဖွဲ့ (ပြောင်းပြန်လှန်မကြည့် ပါနဲ့ခင်ဗျာ) ထိန်းချုပ်မှု စံနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာတော့ နိုင်ငံရဲ့ စီးပွားရေးကို တစ်ခြား နိုင်ငံရဲ့ စီးပွားရေးတစ်ခုက လွှမ်းမိုးမှု မခံရလေအောင် ပေါ်လစီမူဝါဒတွေ အမျိုးမျိုးချမှတ်ကျင့် သုံးရပါတယ်။ ဆိုးတဲ့ အချက်တစ်ခုက အဲဒါမျိုး တံခါးပိတ်မူဝါဒကို ချမှတ်ကျင့်သုံးတဲ့ စီးပွားရေး တွေမှာ ထိန်းချုပ်မှု ကို ကောင်းကောင်းမပြုလုပ်နိုင်ဘူးဆိုရင် နိုင်ငံရဲ့ စီးပွားရေးဟာ အဖတ်ဆည်မရ တော့အောင် ပျက်စီးသွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘာ့အတွက်ကြောင့် ပျက်စီးသွားနိုင်သလဲ ဆိုတာကို ကျွန်တော်တို့ ဆက်ဆွေးနွေးပါ့မယ်။ နိုင်ငံ့ရဲ့ စီးပွားရေးကို ဒီလိုပုံစံမျိုး ထိန်းချုပ်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ လဲ မိမိအာဏာတည်မြဲရေးဆိုတဲ့ အချက်သာလျှင် ဖြစ်နေတယ်ဆိုတာကိုလဲ ၀မ်းနည်းစွာတွေ့ ရှိနေရဆဲပါ။
နိုင်ငံတစ်ကာနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ အတွက် ဒုက္ခခံစားကြရတဲ့ သူများကတော့ အများသိကြပြီးဖြစ်တဲ့ အတိုင်း မြန်မာပြည်သူများသာ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကထုတ်ကုန် တွေဘာ့အတွက်ကြောင့် အောက်ဈေးနဲ့ ရောင်းပစ်ရသလဲ။ နိုင်ငံအတွင်းက ပြည်သူများ ဘာ့အတွက်ကြောင့် အကြီးအကျယ်နစ်နာနေရသလဲဆိုတာကို အဖြေရှာကြည့်လိုက်ရင် ကမ္ဘာ့ စီးပွားရေးပုံစံကို နားမလည်ပဲနဲ့ ကိုယ်ကျိုးရှာဘို့သာ ကြည့် ကြတဲ့ ခွေးဝဲစား စိတ်ဓာတ်ရှိတဲ့ လူယုတ်မာတွေကိုပဲ လက်ညှိုးထိုးပြရမှာပါပဲ။
နိုင်ငံတစ်ကာမှာ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ဘို့အတွက် နိုင်ငံအစိုးရတွေအချင်းချင်းဆွေးနွေးကြတယ်၊ စာချုပ်တွေချုပ်ဆိုကြပြီ ဆိုရင် ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှု တွေကို ဘယ်လိုပြုလုပ်နိုင်တယ်၊ မျှမျှတတ မရှိတဲ့ ပြိုင်ဆိုင်မှု တွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ဘယ်လိုဆွဲမလဲ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဖွဲ့စည်းအုပ်ချုပ်မှု ပုံစံဟာ ဘယ်လိုရှိရမယ်၊ ထုတ်ကုန်တွေရဲ့ အဆင့်အတန်း အစရှိတာတွေ၊ အလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေး၊ ဘဏ်အစရှိတဲ့ ငွေကြေးနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေကို ဘယ်လိုဥပဒေပြု ထိန်းချုပ်မယ်၊ အခွန်ကောက်ယူမှုဆိုင်ရာ ဥပဒေသတွေ၊ အစိုးရအသုံးစားရိတ်နဲ့ ပတ်ဝန်းကျင်ကာကွယ်မှုပါမကျန် အမှန်တစ်ကယ်တတ်ကျွမ်းနားလည် တဲ့ အစိုးရအရာရှိတွေဟာ လပေါင်းများစွာ၊ အစည်းအဝေးပေါင်းများစွာ ခေါ်ယူဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ဥပဒေပြုခြင်း၊ အကောင်အထည်ဖော်ခြင်း အစရှိတာတွေကိုလုပ်ဆောင်ကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ ရတဲ့ အမြတ်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ငါ့အတွက်ဆိုတဲ့ ဆွေးနွေးမှုမျိုးပဲ ခပ်များများ ဖြစ်နေပုံပါပဲ။
ကောင်းပါပြီ၊ ဒီလိုမျိုး ဥပဒေနဲ့ အညီဆွေးနွေးဆောင်ရွက်တဲ့အတွက် ဘာတွေများ အကျိုး အမြတ်ရနိုင်ပါသလဲ။ နိုင်ငံတော် အစိုးရနေနဲ့သာ မက ပြည်သူတွေမှာ ဘာတွေများ အကျိုးများလာနိုင်ပါသလဲ။
အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်ရဲ့ ထုတ်ကုန်ဟာ ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်တဲ့အတွက် ရရှိလာတဲ့ အခွန်ငွေဟာ သူတောင်းစားစိတ်ဓာတ်နဲ့ လူတွေအပေါ်မှာ ဓားပြတိုက်ပြီးတော့ အောက်ဈေးနဲ့ ချရောင်းနေရတဲ့ ငွေကြေးပမာဏတွေထက် ပိုများနိုင်ပါတယ်။ ပြည်သူများအနေနဲ့ ကတော့ မိမိနဖူးကချွေး ခြေမကြအောင် လုပ်ထားရတဲ့ အသီးအပွင့်တွေဟာ လေလွင့်ဆုံးရှုံးမှု မရှိပဲနဲ့ တစ်ကယ့်အသီးအပွင့်များ အဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။
နိုင်ငံတစ်ကာမှာ ဥပဒေနဲ့ အညီမရောင်းတော့ကော ဘာဖြစ်သလဲ။ ကျွန်တော်တို့ အခုလဲ ရောင်းနေရတာပဲလို့ ခွေးသူတောင်းစားများ ပြန်မေးလာနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ ပို့ကုန်ရဲ့ ရာခိုင်နှုန်းတော်တော်များများကို ၀ယ်ယူပါတယ်။ တစ်ခြားစီးပွားရေးအရ အင်အားကြီးနိုင်ငံတွေရဲ့ ၀ယ်ယူမှုဟာ အများကြီးပါပဲ။ ဒါပေမဲ့ သူတို့ ၀ယ်ယူတဲ့ စံနစ်ဟာ ကျွန်တော်တို့ အထက်ကဆိုခဲ့သလိုမျိုး ဥပဒေစည်းကမ်းနဲ့ ညီညွတ်မှုရှိမှ စာချုပ်စာတမ်း ချုပ်ယူထားတာမျိုး ရှိမှဝယ်ယူကြတာချည်းပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက မက္ကဆီကို နိုင်ငံက ရေထွက်ပစ္စည်းတွေ ဈေးပေါပေါနဲ့ အမေရိကန်ကို ၀င်လာတော့ ပြိုင်ဘက်ဈေးမြင့်တဲ့ ကုမ္ပဏီက ကန့်ကွက်ပါတယ်။ သူတို့ အသုံးပြုတဲ့ ငါးဖမ်းပိုက်တွေက ရေအောက်ကျောက်ဆောင်တွေကို ပျက်စီးစေတယ်၊ ဖမ်းတာဆီးတာလဲ စည်းနဲ့ ဘောင်နဲ့ ဖမ်းတာမဟုတ်ဘူး။ ပတ်ဝန်းကျင်ကို အများကြီးထိခိုက်တယ်လို့ ကန့်ကွက်တာပါ။ အမေရိကန်က ဥပဒေထုတ်ပြီးတော့ အဲဒီ့ငါးတွေကို မ၀ယ်တော့ပါဘူး။ ထုတ်ကုန်တွေထွက်ပေမဲ့ မက္ကဆီကိုနိုင်ငံရဲ့ ကုန်ပစ္စည်းတွေဟာ ဈေးကောင်းမရတော့ပဲ အဆုံးအရှုံးတွေ ပေါ်ပေါက်လာရပါတော့တယ်။ နိုင်ငံတွေရဲ့ စီးပွားရေးပြိုင်ဆိုင်မှုဟာ ဒီလိုမျိုးပုံစံဖြစ်နေပြီဆိုတာ သတိပြုသင့်ပါတယ်။
အဲဒီတော့ မြန်မာနိုင်ငံမှာလဲ ဒီလိုမျိုး ဈေးကွက်မရရှိမှုကြောင့် ဘယ်လောက်တောင် ပြည်သူတွေ နစ်နာနေကြရပြီလဲဆိုတာ ၊ မြန်မာနိုင်ငံက ဈေးပေါပေါပဲပဲနဲ့ ၀ယ်ယူရရှိထားတဲ့ ထုတ်ကုန်အရင်းအမြစ်တွေကို တစ်ခြားနိုင်ငံတွေက စာချုပ်လေးတစ်ခု၊ အစိုးရကောင်းလေး တစ်ရပ်ရှိယုံနဲ့တင် အကျိုးအမြတ်ဘယ်လောက်နဲ့ ဘယ်လိုရောင်းချစားသောက်နေသလဲ ဆိုတာကို စဉ်းစားသာကြည့် ကြပါတော့လို့ ပြောချင်ပါတယ်။ မြန်မာပြည်က ထုတ်ကုန် က အရည်အသွေးမကောင်းဘူးလို့ တွေးချင်ပါသလားခင်ဗျာ။ မြန်မာပြည်က ဆန်ဟာ ဒီလောက်ချည်းလဲ အရည်အသွေး မညံ့ သေးပါဘူးခင်ဗျား။ အခုရောင်းဈေးထက် အနည်းဆုံး ထက်ဝက်မက ပိုရသင့်ပါတယ်။
ကောင်းပါပြီခင်ဗျား။ ပိုဆိုးနိုင်တဲ့ အဖြစ်အပျက်တွေကို နောက်ကျမှ ဆွေးနွေးပါ့မယ်။ ကျွန်တော်တို့ ရဲ့ ဆွေးနွေးမှုဟာ သူတောင်းစားများ၊ ဓားပြများ မိန်းမနဲ့ သားသမီးကို မိန်းမရွှင် လုပ်ခိုင်းပြီး စားသောက်မဲ့ သူများအတွက်ကတော့ အရေးမကြီးလောက် အကျုံးမ၀င်လောက် ပါဘူး။
သူတို့အတွက်ကတော့ ခွက်တစ်လုံးရှိယုံ၊ သေနတ်တစ်လက်ရှိယုံ၊ အမေပေးတဲ့ လယ်တစ်ကွက်ရှိယုံနဲ့ စီးပွားရေး ကောင်းနေပြီ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်ခင်ဗျား - -

3 comments:

Myo Win Zaw said...

ဟုတ်တယ် ကျွန်တော်တို့အစိုးရလုပ်နေပုံက အထည်ကြီးပျက်လို မဟုတ်သေးဘူး အထည်ကြီးပျက်တဲ့ လူကမှ မာနလေးနဲ့တင်းထားအုံးမယ် အထုတ်ကလေးပြုတ်နဲ့တူနေတယ် ရိုတဲ့အထုတ်က သေးသေးလေး အဲဒါလေးပြုတ်တော့ ရှိသမျှအောက်ဈေး ပေါ့ ...

Myo Win Zaw said...

ထိပေ့သျှင်နဲ့မောင်ကောင်းအောင် ဖတ်ဖို့ http://www.armydogkiller.blogspot.com/ စီဘောက်မတွေ့လို့

Anonymous said...

စီးပွားရေး အမြင်ကို ကျယ်ကျယ်ပြန့်ပြန့်ပြော နေတာတွေ့ရပါတယ်။ လေ့လာထားတယ်လို့လည်း ယူဆမိပါတယ်။ ဒါကြောင့် -

၁။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍတခုလုံးအပေါ် သက်ရောက်မှုကို ဆွေးနွေးပေးစေချင်ပါတယ်။ (Targeted Sanction ပါဆိုတဲ့ စကားလုံးတခုကို ရေလဲနဲ့သုံးပြီး ဖြေမယ့် ခပ်ညံ့ညံ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးလို့ ထင်ပါတယ်။)

၂။ အစိုးရနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များ( ရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသည်.. )လည်း စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ဘယ်လောက်ထိ ခံစားရနိုင်တယ်ဆိုတာလည်း ပြောပေးစေချင်ပါတယ်။

၃။ စီးပွားရေးပိတ်ဆို့မှုကြောင့် သာမန် အလုပ်သမားပြည်သူများရဲ့ ဘ၀အနာဂတ် အပြောင်းအလဲကိုလည်း ရှုမြင်ပေးစေချင်ပါတယ်။ ( အထည်ချုပ်စက်ရုံများ ပိတ်လိုက်သည့် အချိန်က အလုပ်သမလေးများ ၁ သိန်းနီးပါးခန့် အလုပ်ပြုတ်ကုန်တယ်ဆိုပါတယ်။ မီဒီယာများကတော့ အဲဒီကာလကစပြီး လမ်းပေါ်မှာ ညပျော်ငှက်လေးတွေ ပိုများလာတယ် ဆိုခဲ့ပါတယ်။)

၎။ အမေရိကန်က ထိရောက်အောင် စီးပွားရေးပိတ်ဆို့မှု ပြင်းပြင်းထန်ထန်လုပ်ပါတယ် အော်နေတဲ့ကြားက၊ မြန်မာ့ကမ်းလွန်ဓာတ်ငွေ့ ဈေးကွက်မှာ ဒေါ်လာသန်းရာနဲ့ ချီရင်းထားတဲ့ (အမြတ်တွေလဲ သန်းချီရနေဆဲ) အမေရိကန်ကုမ္ပဏီ ယူနိုကယ် တဖြစ်လဲ ချဗရွန်ကိုတော့ ဘာလို့ ဆက်လုပ်ခွင့်ပြုထားတယ်ဆိုတာ ထောက်ပြပေးစေချင်ပါတယ် ။ (ပြိုင်ဘက် ပြင်သစ်က တိုတယ်ကုမ္ပဏီကိုတော့ တရားမျိုးစုံဆွဲပြီး လျော်ကြေးတွေတောင်းကြပါတယ်။ ချဗရွန်ကတော့ ခုချိန်ထိ စင်ပေါ်ကပါပဲ။)

၅။ မိမိ အမျိုးသားအကျိုးစီးပွားမပါပဲ နိုင်ငံတကာ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍများမှာ ၀င်ရောက်လုပ်ဆောင်တဲ့ နိုင်ငံများရှိရင်လည်း သာဓကလေးနဲ့ ဆွေးနွေးပေးစေချင်ပါတယ်။

တိတိကျကျမေးရင် ပညာရှင်တွေ နှာစီးနေကြတာများလွန်းတော့ လူကြီးမင်းတို့လည်း ကျန်းမာရေးကောင်းမှ ပို့စ်တင်ပြီး ဆွေးနွေးပေးကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ ပညာရှင်တွေကတော့ ဘက်မလိုက်တမ်း ရှုမြင်တတ်ကြတယ်လို့ ယုံကြည်ပါရစေ ။

တမာမြေ မောင်ထိုင်း