Monday, July 28, 2008

Our Leader




အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း
နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။
လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်-
ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ်
-ရိုးသားတဲ့မြန်မာတွေထက
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ ရောက်ရင
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။
ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။
- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီးထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။
(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။
ရေးသားသူထံမှ ခွင့်ပြုချက် မယူနိုင်သည်ကို ခွင့်လွှတ်ပါခင်ဗျား။
အောက်ဆွဲများကိုလဲ အကြံတစ်ခုပေးချင်ပါတယ်။ ရှေးခေတ်က ရှင်ဘုရင်တွေကို ဘုန်းတော်ဘွဲ့တွေဘာတွေ ရေးပြီးတင်ရင် ဆုတော်လဒ်တော်တွေရကြတယ်။ အခုဘုရင်ရူးတွေကိုလဲ ဘုန်းတော်ဘွဲ့ ရေးတင်လိုက်ကြပါလားခင်ဗျား။ ၂၅၀ ကနေ ၃၀၀ တန်လောက်တော့ ဖြစ်လာနိုင်ကြောင်းပါ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လူတွေတစ်သသပြော အောက်မေ့ကြပေမဲ့ မောင်ဆိုးဝင်းလေးတော့ သေတာတောင်မကြာသေး လူတွေမေ့ကုန်ကြလို့ပါ။ ခွေးမုဒိန်းခေါင်းဆောင်များရဲ့ ဘုန်းတော်ဘွဲ့လေး ဖတ်ချင်ကြောင်းပါခင်ဗျ။

3 comments:

Unknown said...

ကိုဗေဒါကြီး အောင်ဆန်းကဗျာက အရမ်းကောင်းတယ်ဗျာ။ ရေးသားသူရော တင်ပေးသူပါကျေးဇူးတင်တယ်။ ခွေးရိုက်စာတွေများများရေးနိုင်ပါစေဗျာ။

Anonymous said...

ခရီးသွား ဟန်လွှဲ ၀င်ရေးချင်ပါသည်။ ဗိုလ်ချုပ်၏ ဂုဏ်ပုဒ်များကို တခမ်းတနား ရေးသားပေးခြင်းကို ကျေးဇူးတင်ပါသည်။ သို့သော် ဤအမြင်နှင့် ဆန့်ကျင်ဘက်များကို ရေးသားသူများ ရှိ၍လည်း အံ့သြမိပါသည်။ ဒီမိုကရေစီရေး လှုပ်ရှားသူ အမည်ခံ ကိုဂျုး၏ လက်ရာဆောင်းပါးမှ ဗိုလ်ချုပ်တို့တည်ထောင်ခဲ့သော ဗမာ့တပ်မတော်နှင့် ဂျပန်ခေတ်ကာလ တိုက်ပွဲဝင်မှုနှင့် သက်ဆိုင်သည်များကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

__________________________________________
မြန်မာအရပ်သားတွေ အတွက်ကတော့ မြန်မာဘုရင်သီပေါ လက်အောက်က အင်္ဂလိပ် ဝိတိုရီယ ဘုရင်မ လက်အောက် ရောက်ရတာပါဘဲ၊ သက်ဦးဆံပိုင် ဘုရင်စနစ်လက်အောက်က လွတ်ပြီး လွှတ်တော်နဲ့ ဥပဒေနဲ့ နေရတဲ့ခေတ်ကို ရောက်သွားတော့ တိုင်းသူပြည်သားတွေအတွက် နေလို့တောင် ပိုကောင်းလာပါသေးသတဲ့။

နောင် ဂျပန်ခေတ်မှာလည်း မြန်မာတပ်မတော်ဘီအိုင်အေဟာ ဂျပန်တွေလုပ်သမျှ တစ်ချိန်လုံးခေါင်းငုံ့ခံ နေရတာပါ။ မြန်မာသားပျိုသမီးပျိုလေးတွေ ဂျပန်စစ်သားက စော်ကားသမျှ ဂျပန်ခေတ် သုံးနှစ်လုံးဘာမှ ပြန်မပြောပြန် မလုပ်ရဲပါဘူး၊ လုပ်လို့လဲ မရပါဘူး၊ ဂျပန်စစ်တပ်ဆိုတာ တိုက်ပွဲတစ်ပွဲမှာ လူသောင်းနဲ့ချီပြီး သတ်လာတဲ့ အင်မတန် ကြမ်းတဲ့စစ်တပ်ကြီးပါ၊ ရုရှား၊ တရုပ်နဲ့ ပိစိဖိတ်ဒေသတစ်ခုလုံးက တိုင်းပြည်ကြီးတွေ တစ်ခုပြီး တစ်ခု တိုက်သိမ်း လာတဲ့ အင်မတန်မာတဲ့ တပ်တွေပါ။ မြန်မာဘီအိုင်အေ တပ်လူနှစ်ထောင်ကျော်ဟာ ဂျပန်တနေ့သတ်စာတောင် မရှိပါဘူး။ ဘီအိုင်အေဟာ ဂျပန်စစ်ရှုံးလို့ လက်နက်ချခါနီးမှ ဂျပန်တော်လှန်ရေးဆိုပြီး ထတော်လှန်ရဲတာပါ။ အဲဒီအချိန်မှာ အန္ဒိယဘက်က အမေရိကန်မဟာမိတ်တပ်ကြီး ပြန်ဝင်လာတာ ပျဉ်းမနားရောက်နေပါပြီ။ အဓိပတိ ဒေါက်တာဘမော်နဲ့ ဗိုလ်မှူးကြီးဗထူး ကောင်းမှုကြောင့်သာ မြန်မာ့ခေါင်းဆောင်တွေ ခေါင်းနဲ့ကိုယ် မြဲနေတာပါ။ နို့မို့အကုန် ဂျပန်သတ်တာ ခံရမှာပါ။

ဂျပန်တော်လှန်ရေးဆိုတာလဲ မဟာမိတ်တပ်တွေကို စစ်ရှုံးပြီး ဒါဏ်ရာဘလပွ ပတ်တီးစတဖွေးဖွေးနဲ့ စုပ်ပြတ်သတ်ပြီး ကိုယ့်ကိုကိုယ်တောင် မသယ်နိုင်တော့တဲ့ ဂျပန်ထီး ဂျပန်မတွေ စစ်တောင်းမြစ်ထဲမှာ ဖောင်နဲ့ စုံပြေးလာတာကို ညဘက်လရောင်အောက်မှာ မြစ်ကမ်းပေါ်ကချောင်းပြီး သေနတ်နဲ့ ပြစ်တာကို ဂျပန်တော်လှန်ရေး ကြီးဆိုပြီး အကြီးအကြယ် လုပ်နေကြတာပါ။

ရေးသားသူ - ကိုဂျုး ( ၁၅ မတ် ၂၀၀၈)
ကဏ္ဍ - ပေးစာ ပြန်စာ
ဘလော့ - ပိတောက်မြေ။ http://padaukmyay.blogspot.com/
__________________________________________

စစ်တပ်ကို ဖဲ့ချင်လို့ဆိုသော်ငြားလည်း၊ ဗိုလ်ချုပ်ရဲ့ ဂုဏသတင်းမှေးမှိန်အောင်၊ မြန်မာ့သမိုင်းတခုလုံး ရစရာမရှိအောင် ရေးသည်ကို လုံးဝရှုတ်ချပါသည်။ ခွဲမြင်တတ်ရန်လိုအပ်ပေသည်။ ဗဟုသုတများသော ပညာတတ်များရေးသည့် ဘလော့ဖြစ်၍ မြန်မာ့ဂုဏ်သိက္ခာအတွက် တစုံတခု ပြန်လည်ချေပပေးလိမ့်မည်ဟု မျှော်လင့်၍ ဤမှတ်ချက်ကို ပေးလိုက်ရပါသည်။ ၄င်းစာရေးသူ ကိုဂျုး၏ ရေးသားချက်အချို့ကိုလည်း ထပ်မံဖော်ပြလိုက်ပါသည်။ စာဖတ်သူများ လက်ခံကြပါသလား ?
_______________________________________
တောင်ငူခေတ်မှာကထဲက တပင်ရွှေထီးနဲ့ ဘုရင့်နောင်ဟာ ပြည်ကိုသိမ်းတော့ ဆယ့်တစ်နှစ်သား ပြည်ဘုရင်လေးရဲ့ ရှေ့မှာ ရင်ခွင်ပိုက်ဘုရင်မ လုပ်နေတဲ့ သူ့အမေကို တောင်ငူတတပ်လုံးက မုဒိန်းကျင့် ကိုယ်လုံးတီးချွတ် လည်ပင်း ကြိုးနဲ့ ဆွဲပြီး တစ်မြို့လုံးကို လှည့်စေပါတယ်၊ ပြီးမှ သားအမိနှစ်ယောက်လုံးကို ဧရာဝတီမြစ်ထဲမှာ ရေနှစ်သတ် တာပါ။ ပြည်ဆိုတာ မြန်မာစစ်စစ်ပါ၊ ဒါလား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မြန်မာချင်း နှလုံးနာစရာ ကောင်းအောင် ရက်ရက်စက်စက် လုပ်ခဲ့တာလေ၊ သမိုင်းမှာ ဖျောက်ထားပေမဲ့ မှတ်တမ်းတွေ ရှိပါသေးတယ်၊ ရှာဖတ်ကြည့်ပါ။

ဘုရင့်နောင်တို့ ဆင်ဖြူရှင်တို့ ယိုးဒယားကို နိုင်ခဲ့တယ်ဆိုတာလည်း ဗမာက အနောက်နိုင်ငံတွေနဲ့ နီးလို့ သူတို့ဆီက အရင်ရတဲ့ အမြှောက်နဲ့ သေနတ်လက်နက် အင်အားမှာသာလို့ပါ၊ အဲဒီခေတ်မှာ ယိုးဒယားက ဒါတွေ မသုံးနိုင် သေးတော့ စစ်ရှုံးရတာပေါ့။ နောက်ပိုင်း ယိုးဒယားက အမြှောက်တွေ သေနတ်တွေ မြန်မာနဲ့ တန်းတူသုံးလာ နိုင်တော့ မြန်မာတွေစစ်ရှုံးပြီး အလောင်းကောက်ပြန်ရတာ အကြိမ်ကြိမ်ပါ။ အပြန်မှာ ယိုးဒယားက မြန်မာပြည်ထဲ မုတ္တမမြို့အထိ လိုက်တိုက်တာတောင် ခံရပါတယ်။ ဒီအကြောင်းတွေလဲ မြန်မာရာဇဝင်မှာ တပ်မတော် သိက္ခာကျမှာ စိုးလို့ ဖျောက်ထားခဲ့ပါတယ်။

ကုန်းဘောင်ခေတ်မှာ တောထဲတောင်ထဲက လူအင်အားမရှိတဲ့ အာသံနဲ့ မဏိပူရကိုနိုင်လို့၊ လက်နက် အင်အား မယှဉ်နိုင်တဲ့ ယိုးဒယားကိုနိုင်လို့ သွေးနားထင်ရောက်နေတဲ့ မြန်မာရှင်ဘုရင်တွေဟာ ကိုယ့်ထက်လက်နက်သာတဲ့ ဗြိတိသျှအင်္ဂလိပ်နဲ့ တိုက်တော့ ဝက်ဝက်ကွဲရှုံးခဲ့ပါတယ်။ လူနှစ်ထောင်လောက် သင်္ဘောနဲ့ လာတိုက်တဲ့ အင်္ဂလိပ်ကို ရှုံးရတာ နာပါတယ်၊ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲတစ်ခုဘဲ ရန်ကုန်မှာ သုံးပါးဝန်တပ်တွေက ဟုတ်ဟုတ်ငြားငြား ခံတိုက်နိုင်တာပါ။ စစ်ကူလွှတ်လိုက်တဲ့ စစ်သူကြီးမဟာဗန္ဓုလသာ အသေခံသွားရတာ၊ ရှင်ဘုရင့်ညီတော် သာယာဝတီအိမ်ရှေ့မင်းသားက ရန်ကုန်စစ်မြေပြင်အထိ မလိုက်ဘဲ စစ်နဲ့ဝေးတဲ့ ဟင်္သတမှာ ရှောင်နေခဲ့ပါတယ်။ မဟာဗန္ဓုလကျဆုံးတော့ မဟာဗန္ဓုလရဲ့ညီငယ်ဟာ သာယာဝတီမင်းသားလို အရှင်သခင်တွေ အတွက် ရဲမက် တော်တွေ အသေခံပြီး စစ်မတိုက်ပေးချင်တော့လို့လားတော့ မသိဘူး ရဲမက်တစ်ထောင်ကျော်နဲ့ အင်္ဂလိပ်ဘက်ကို ထွက်ပြေးခိုဝင်သွားပါတယ်။ ဒါနဲ့ မြန်မာဘက်က ပထမစစ် အရှုံးပေးလိုက်ရတယ်လို့ ဖတ်ဘူးပါတယ်။

ဒုတိယစစ်ပွဲကတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကိုမိုဒိုလင်းဘတ်က သင်္ဘောအုပ်စုနဲ့ ရမ်းချင်တိုင်း ရမ်းနေတာကို မြန်မာတပ်တွေ ဘာမှမခုခံမကာကွယ်နိုင်ဘဲ ရပ်ကြည့်နေရတာပါ၊ သတ္တိရှိရှိခံတိုက်မဲ့သူလဲ မယ်မယ်ရရ မရှိတော့ ပါဘူး။ နေပြည်တော်မှာ ပုဂံမင်းနန်းကျပြီး မင်းပြောင်းမင်းလွဲဖြစ်တယ်လဲဆိုရော စစ်ဗိုလ်ကြီးတွေ အားလုံး နောက်တက်တဲ့ မင်းတုန်းမင်းဆီ သူ့ထက်ငါအရင်ဦးအောင် ပြေးသစ္စာခံ ဖူးမျှော်ကြတာ စစ်တိုက်မဲ့သူတောင် မရှိတော့လို့ မြင်းခြံရောက်နေတဲ့ အင်္ဂလိပ်တွေတောင် အံ့အားသင့်သွားရပါတယ်၊ ဒီစစ်ပွဲလဲ အင်္ဂလန်လွှတ်တော်က ကိုမိုဒိုလင်းဘတ်ကို အရမ်းမလုပ်ပါနဲ့ဆိုပြီး စစ်ရပ်ခိုင်းလို့ သူ့ဖါသူ အတိုက်ရပ်သွားတာပါ။

နောက်ဆုံး တတိယစစ်ပွဲကတော့ သိသလောက် နှစ်ပါတ်အတွင်း အင်္ဂလိပ်တွေ နေပြည်တော်ကို ရောက်လာပါတယ်၊ မယ်မယ်ရရခုခံတာ မင်းလှခံတပ်ဘဲရှိပါတယ်။ မြင်းခြံမှာ မြန်မာရေတပ်ဗိုလ်ချုပ် လှေသင်း အတွင်းဝန်က စစ်ရှုံးတာကိုညာပြီး အင်္ဂလိပ်တပ်တွေကို ချေမှုန်းလိုက်ပြီလို့ သီပေါဘုရင်ကို လိမ်သတင်းပို့ပြီး တပ်ကိုပြစ်ပြီး ထွက်ပြေးသွားပါတယ်။ ရှင်ဘုရင်ခမျာ အလိမ်မိတာမသိဘဲ ဝမ်းသာလွန်းလို့ နေပြည်တော်မှာ အောင်ပွဲတွေခံ စစ်မြေပြင်ကို အဖိုးတန်ဂုဏ်ပြု ဆုဖလားတွေ၊ ဆုတံဆိပ်တွေ လှည်းတစီးတိုက် ပို့လိုက်မိပါ သေးတယ်။ လက်ခံမဲ့လူမရှိလို့ မြင်းလှည်းကြီးက တဝဲလယ်လယ်ဖြစ်နေတာ အင်္ဂလိပ်က ဖမ်းမိသွားပြီး အဖိုးတန်ပစ္စည်းတွေ ရသွားပါတယ်။ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် ရွှေလှံဘိုခေါ်တဲ့ မင်းလက်ဝါးကြီးက တောင်ငူ အင်္ဂလိပ်စစ်တပ်မှာ အလုပ်ကြမ်းသမားဝင်လုပ်ပြီး ရုပ်ဖျက်ပုန်းနေပါတယ်။ သီပေါဘုရင် ပါတော်မူသွားတာတောင် မသိဘဲ ဆက်အလုပ်လုပ် နေပါသေးတယ်။ ဒီအကြောင်းမှတ်တမ်းတွေ အများကြီး ရှိပါသေးတယ်။ မြန်မာ့တပ်မတော် သိက္ခာကျရှက်စရာ ကောင်းလွန်းလို့ အစိုးရအဆက်ဆက် ဆွေးနွေးရေးသားခွင့်မပေးဘဲ ဖျောက်ထားတာတွေပါ။ သမိုင်းဆရာတွေကလဲ ကိုယ့်မြန်မာတပ်တွေ အလွယ်နဲ့ အင်္ဂလိပ်ကို စစ်ရှုံးခဲ့ရတာ၊ ခေါင်းဆောင်တွေ ညံ့တာတွေကို သိပ်အရှက်မကွဲရအောင် ကင်းဝန်မင်းကြီးဦးကောင်းက အင်္ဂလိပ်နဲ့ပေါင်းပြီး မခုခံရ ခုခံရင် သူပုန်ဆိုလို့ စစ်မတိုက်လိုက်ရတာ နာသကွာဆိုပြီး လုပ်ပေးနေတာပါ။ အမှန်တော့ လူတိုင်းသိပါတယ်၊ အဲဒီအမိန့်ထွက်လာတော့ စစ်ကတိုက်ပြီးလို့ ရှုံးနေပါပြီ၊ အင်္ဂလိပ်တွေ အမရပူရ ရောက်နေပြီဘဲ၊ သီပေါဘုရင်က လက်နက်ချပါမယ်ဆိုတော့ အင်္ဂလိပ်က ဒါဖြင့် မြန်မာတပ်တွေ မခုခံရဘူး၊ သေနတ်သံတချက် ထွက်တာနဲ့ သီပေါဘုရင်ကို သေဒဏ်ပေး ကွပ်မျက်မယ်ဆိုလို့ အင်္ဂလိပ်ကိုမခုခံရ ခုခံရင်သူပုန်ဆိုပြီး ဦးကောင်းကဘုရင့် ကိုယ်စား အမိန့်ထုတ်တာပါ။ လက်နက်ချလို့ ထုတ်တဲ့အမိန့်ပါ။ နောက်တစ်နေ့မှာ အင်္ဂလိပ်တွေက သီပေါဘုရင် ကိုဖမ်း နန်းတော်ကို သိမ်းတာပါဘဲ။

သတ္တိခဲဆိုတဲ့ မြန်မာကာကွယ်ရေးဝန်ကြီး တိုင်တားမင်းကြီးဦးဖိုးကလဲ အင်္ဂလိပ်ကဖမ်းပြီး ကုလားပြည်ပို့မယ် လုပ်တော့ သူ့ကိုမသတ်ပါနဲ့လို့ ပျာပျာသလဲနဲ့ တောင်းပန်ရှာပါတယ်။ ဆွေတော်မျိုးတော်တွေကို နို့စို့ကလေးတောင် မချန်ဘဲဒါးထက်ခဲ့တဲ့ မိဘုရားစုဘုရားလတ်လဲ စိတ်ထက်တယ်သာဆိုတယ် အင်္ဂလိပ်သင်္ဘောတွေ ရောက်လာပြီ ဆိုတော့ အပျိုတော်တွေရှေ့မှာ ရာဇအိနြေ္ဒမငဲ့နိုင်တော့ဘဲ မြေကြီးပေါ် လူးလှိမ့်ငိုပါသတဲ့၊ သီပေါဘုရင်ကတော့ ဒူးတွေတုန်ပြီး သင်္ဘောပေါ်မတက်နိုင်လို့ ကုလားစစ်သားက ဆွဲတင်ရပါတယ်။ သမိုင်းဆရာတွေ မျိုးချစ်စိတ်နဲ့ ဖုံးဖိရေးကြတာကတော့ မြန်မာတွေ တောက်တစ်ခေါက်ခေါက်နဲ့ပေါ့။ တကယ်တန်း သိသလောက် သူတို့အတွက် ဟုတ်တိပတ်တိ ဘယ်သူမှမခုခံကြပါဘူး၊ ဝမ်းတောင်သာကြပါတယ်။

မြန်မာအရပ်သားတွေ အတွက်ကတော့ မြန်မာဘုရင်သီပေါ လက်အောက်က အင်္ဂလိပ် ဝိတိုရီယ ဘုရင်မ လက်အောက် ရောက်ရတာပါဘဲ၊ သက်ဦးဆံပိုင် ဘုရင်စနစ်လက်အောက်က လွတ်ပြီး လွှတ်တော်နဲ့ ဥပဒေနဲ့ နေရတဲ့ခေတ်ကို ရောက်သွားတော့ တိုင်းသူပြည်သားတွေအတွက် နေလို့တောင် ပိုကောင်းလာပါသေးသတဲ့။
********************************

Anonymous said...

That is Gen Aung San

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။