Monday, May 19, 2008

The consequence of disaster damage and the damage itself, which is more important?

လူတွေအများကြီး သေကြေထိခိုက်ပျက်စီးကုန်ပြီဆိုရင်တော့ ကျရောက်လာတဲ့ သဘာဝဘေးအန္တရာယ်ဟာ တော်တော်ကြီးဆိုးဝါးတယ်တို့သတ်မှတ်ပါတယ်။ ဒါပေမယ့် ကျရောက်လာတဲ့ ဘေးအန္တရာယ် ရဲ့သဘောသဘာဝ နဲ့ လူတွေဘယ်လိုမျိုးသေကြေပျက်စီးနိုင်တယ်ဆိုတာကို သိထားရင်တော့ အထိအခိုက်သက်သာအောင် လုပ်ဆောင်နိုင်တာပေါ့။ ကမ္ဘာကြီးပေါ်မှာ ရုတ်တရက်ကျရောက်လာတတ်တဲ့ သဘာဝဘေးအန္တရာယ်တွေ အမျိုးအစားအများကြီး ရှိတဲ့အနက်က ရေကြီးခြင်းနဲ့ ငလျင်လှုပ်ခြင်းကြောင့် လူအများဆုံး အသက်ဆုံးရှုံးရကာ မုန်တိုင်းကြောင့်သေတဲ့ လူအရေအတွက်က အများကြီးပိုနည်း ပါတယ်။ ဒါပေမယ့် မုန်တိုင်း ဒဏ်ခံရတဲ့ နေရာ အကျယ်အ၀န်းဟာ ရေကြီးခြင်း ငလျင်လှုပ်ခြင်း စသည်တို့ထက် အများကြီး ပိုပြီးကျယ်ပြန့်တယ်ဆိုတာကို သိထားဘို့လိုပါတယ်။
ငလျင်လှုပ်တဲ့အခါမှာ သေကြေကျတဲ့ လူဦးရေစုစုပေါင်းရဲ့ ၇၅%ကျော်ဟာ အဆောက်အဦးများ ပြိုကျခြင်းကြောင့် ပိသေတာ ဖြစ်ပြီးတော့ ရေကြီးတဲ့အခါမှာ သေကြတဲ့သူတွေဟာ ရေနစ်သေတာ အများစုဖြစ် တဲ့အတွက် ငလျင်ဒဏ်ကို ကာကွယ်တဲ့နေရာမှာ အဆောက်အဦးတွေပြိုကျမှုကို ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့ အချက်တွေအပေါ်မှာ အလေးထားဘို့လိုအပ်ပြီးတော့ ရေဘေးဒဏ်ကို ကာကွယ် လိုတယ်ဆိုရင်ကတော့ ရေကြီးတတ်တဲ့ နေရာဒေသမျိုးတွေမှာ လူတွေအခြေချပြောင်းရွှေ့ခြင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်မလဲဆိုတဲ့အချက်တွေကို ဦးစားပေးစဉ်းစားရမှာ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် အမှန်တစ်ကယ် ပျက်ဆီး၊ သေဆုံး၊ ဆုံးရှုံး သွားရတာတွေထက် အဲဒီလိုမျိုး ပျက်ဆီးသွားတဲ့ အတွက် နောက်ဖြစ်လာတဲ့ အကျိုးဆက်တွေဟာ ပိုမို ဆိုးရွားပါတယ်။ ဥပမာအားဖြင့် ပြောရရင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ စက်ရုံတစ်ခုဟာ ကုန်ပစ္စည်းမထုတ်လုပ်နိုင်တော့ပါဘူး။ အဲဒီ့စက်ရုံဆုံးရှုံးမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ လုပ်သားတွေမှာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ လည်ပတ် နေတဲ့ စီးပွားရေးအဆောက်အအုံအတွင်းမှာ သုံးစွဲစရာ ငွေကြေးမရှိတော့တဲ့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင် က လူတွေလဲ ထိခိုက်ကုန်ပါတယ်။ အဲဒီ့ကနေ ဆင့်ကဲဆင့်ကဲ ဖြစ်လာတဲ့ အကျိုးဆက်တွေဆိုတာ ရေးပြရင်တောင် ကုန်နိုင်ဖွယ်မရှိမှန်း လူတိုင်း သိကြမှာပါ။
နောက်တစ်ခုက စိုက်ပျိုးရေးကို အခြေခံထားတဲ့ စီးပွားရေးစံနစ်တစ်ခုဟာ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနဲ့၊ လေမုန် တိုင်းတိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ၊ ကူးစက်ရောဂါများဖြစ်ပွားခြင်းနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု များ ဖြစ်ပေါ်လာတဲ့အခါမှာ အထိအနာဆုံး ဖြစ်ပါတယ်။(မြန်မာနိုင်ငံ အထိနာမလား မနာဘူးလားဆိုတာ စဉ်းစားသာကြည့်ကြပါတော့ဗျာ) ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံများအနေနဲ့ ဒါမျိုး ဘေးအန္တရာယ်ရဲ့ အကျိုးသက်ရောက်မှုဟာ နဲနဲလေးပဲရှိတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတွေ အလေးထားတဲ့အရာတွေက ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုတွေ၊ လုပ်သားအင်အားရှားပါးမှု လျှပ်စစ်နဲ့ ဆက်သွယ် ရေးစံနစ်တွေကို ထိခိုက်မှာကိုပဲ စိုးရိမ်ရပြီးတော့ ဒါမျိုးတွေဖြစ်ပျက်လာရင် Technology Disaster ဖြစ်တယ်လို့ တင်စားကြပါတယ်။တရုတ်နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကတော့ ငလျင်လှုပ်တယ်ဆိုတာဟာ အထိအခိုက်အများဆုံးဆိုတဲ့ ဘေးကျရောက်သွားတာပဲဖြစ်ပါတယ်။ ငလျင်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒုက္ခအများဆုံး ပေးနိုင်တာမို့လို့ပါ။ မြန်မာပြည်မှာ ငလျင်လှုပ်ပြီးတော့ တရုတ်မှာ ရေကြီးမုန်တိုင်းတိုက်ရင် လူအသေအပျောက် အဆုံးအရှုံး ဒီ့ထက်အများကြီး ပိုပြီးတော့ လျော့နည်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သက်ကယ်၊ ၀ါးအစရှိတာတွေနဲ့ ဆောက်ထားတဲ့အိမ်တွေဟာ လေပြင်းဒဏ်ကြောင့်ပိုပျက်စီးနိုင်ပြီးတော့၊ အုတ်နဲ့ ဆောက်ထားတဲ့အိမ်တွေဟာ လေပြင်းဒဏ်ကို ခံနိုင်ပေမဲ့ မြေငလျင်လှုပ်ပြီဆိုရင်တော့ ပြိုကျတော့တာ မို့လို့ပါပဲ။ နိုင်ငံတကာမှာ ရှိတဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့သူတွေ ကတော့သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်လိုမျိုးဖျက်ဆီးတတ်တယ်၊ အပျက်အစီးတွေကို ဘယ်လို တိုင်းတာမယ်၊ ဘယ်လိုမျိုး အခြေအနေတွေကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်သလဲ၊ အစရှိတဲ့အချက်တွေကို သေသေချာချာ လေ့လာပြီးတော့ ပြင်ဆင်ထားလေ့ရှိကြပါတယ်။ ကျွန်တော်တို့ နဲနဲလေ့လာကြည့်ကြရအောင် ခင်ဗျာ။
ရေကြီးခြင်းနှင့် ရေနှင့်ဆက်စပ်နေသည့် သဘာဝဘေးအန္တရာယ်များ
ဘယ်လို ဖျက်ဆီးသလဲ
အဆက်မပြတ်စီးဆင်း လျံတက်လာသော ရေစီးသည် အရာဝတ္တုများနှင့် လူများအား ဖိအား ဆက်တိုက်ဆက်တိုက် ပေးခြင်းအားဖြင့် သေကြေ ပျက်စီးစေသည်။ ရွေ့လျားနေသော ရေစီးသည် လူများနှင့် တိရစ္ဆာန်များအား အလွန်တိမ်သည့်နေရာတွင်ပင် လဲကျကာ ရေနစ် (မွန်း)သေစေနိုင်ပါတယ်။ ရေစီးနဲ့ အတူ မျောပါလာတဲ့ အပျက်အစီးအပိုင်းအစများဟာ လဲ ထိခိုက်ဒဏ်ရာရမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆောက်အအုံများကိုတော့ အောက်ခြေပိုင်းကို တိုက်စားပစ်ခြင်းဖြင့် ဖျက်ဆီးပစ်နိုင်ကာ ရေစီးကသယ်ဆောင်လာတဲ့ ရွံ့နွံ ၊ အညစ်အကြေးတွေ ဟာ စိုက်ခင်းတွေကို ဖျက်ဆီးနိုင်ပါသည်။ ရေသန့် နဲ့ မိလ္လာစံနစ်တွေဟာ ရေကြီးတဲ့အခါမှာ လုံးဝပျက်စီးသွားကာ ရောဂါပိုးများကို အလျှင်အမြန် ကူးစက်ဘို့ရာ လွယ်ကူသွားစေ ပါတယ်။ မြေသားပြော့သွားတဲ့အတွက်ကြောင့်လဲ မြေပြိုကျခြင်းများ၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်လာပါတော့မယ်။
ပျက်စီးမှုအားတိုင်းတာခြင်း
ရေဘေးကျရောက်တဲ့ အကျယ်အ၀န်း (square km or miles) ၊ လှိုင်းလုံး အမြင့်နဲ့ ရေအနက်၊ ရေစီးတဲ့ အရှိန်၊ တင်ကျန်ရစ်ခဲ့တဲ့ ရွံ့ (သို့) နုံးပမာဏ ၊ ဘယ်လောက်ကြာကြာရေတင်ကျန်နေသလဲ စတဲ့အချက်တွေနဲ့ တိုင်းတာကြပါတယ်။ ဆူနာမီလို ရေကြီးမှုတွေကိုတော့ လှိုင်းအမြင့်ဟာ ဘယ်နှစ်မီတာ ရှိသလဲဆိုတဲ့ အမြင့်နဲ့ တိုင်းတာပါတယ်။
သုံးသပ်သည့် နည်းလမ်းများ
စံနစ်တကျပြုစုခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေရှိခဲ့မယ်ဆိုရင် ရေကြီးတတ်တဲ့ အချိန်တွေနဲ့ ဘယ်လောက်ကြီးမလဲ ဆိုတာကို အကြမ်းမျဉ်းခန့်မှန်းလို့ရပါတယ်။ မြစ်ချောင်းများအနီးဝန်းကျင်တွေမှာ တည်ဆောက်ထားတဲ့ မြို့ ၊ ခရိုင်တစ်ခုရဲ့ အသေးစိတ် မြေပုံတွေကို ကွန်တိုမျဉ်းများနဲ့ ပြုစုထားရှိခြင်း၊ မြေမျက်နှာပြင်ကို လိုက်ပြီးတော့ ပြောင်းလဲတတ်တဲ့ ရေစီးကြောင်းတွေအားလေ့လာသုံးသပ်ထားရှိမှုတွေ၊ (estimates of capacity of hydrology systems) ၊ ရေစုဝင်နေတတ်တဲ့ နေရာမျိုးတွေကို သိရှိထားမှုတွေ၊ မြစ်ကြောင်းတစ်လျောက်အတွက် ဆိုရင် ဆီးနှင်းများ ပျော်တဲ့ ပမာဏတွေကို စောင့်ကြည့်လေ့လာတာမျိုးတွေ ဟာ ရေဘေးကျရောက်နိုင်မှုရှိမရှိသုံးသပ်နိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေလို နေရာမျိုးတွေ ဆိုရင်တော့ ဒီရေအတက်အကျ ကို ပြုစုထားတဲ့မှတ်တမ်းတွေ၊ မုန်တိုင်းတိုက်ခတ်မှု အကြိမ်နှုန်းနဲ့ ပြင်းအား၊ ကမ်းခြေအမျိုးအစား အနေအထားနဲ့ တက်လာတဲ့ ရေစီးကို ချေဖျက် ခွဲခြားပစ်နိုင်တဲ့ အတားအဆီးတွေ ဘာတွေရှိသလဲ ဆိုတာကို မူတည်ပြီးတော့ ခန့်မှန်းနိုင်ကြပါတယ်။
ရေကြီးမှုကြောင့် ဖြစ်ပေါ်သော ပျက်ဆီးဆုံးရှုံးမှုများလျော့ပါးအောင် ဘာတွေလုပ်နိုင်သလဲ
မြစ်ကမ်းဘေးနဲ့ ပင်လယ်ကမ်းခြေတွေမှာ တာတမံများတည်ဆောက်ခြင်းဖြင့် ရေကြီးခြင်းအား ကာကွယ်နိုင်ပါတယ်။ အင်းအိုင်များ တည်ဆောက်ခြင်း ၊ ရေစီးနှုန်းကို လျော့ကျစေနိုင်ဘို့ ဒီရေတောနဲ့ ဗေဒါတော၊ ဒိုက်တောများ ပြုစုပျိုးထောင်ခြင်း၊ (ကျွန်တော်တို့ ပြောင်းပြန်များ လုပ်နေကြသလားမသိဘူးနော်)ရေတံခါးများတည်ဆောက်ခြင်း အစရှိတဲ့အချက်တွေနဲ့ ရေစီးနှုန်း ကိုထိန်းချုပ်နိုင်ပါတယ်။ မြို့ပြတွေထဲမှာ ကောင်းမွန်တဲ့ ရေနုတ်မြောင်းစံနစ်တွေဟာ မုန်တိုင်းကြောင့် ပါလာတဲ့ မိုးရေတွေ တင်ကျန်မနေစေရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပြုလုပ်ဖန်တီးထားတဲ့ ပင်လယ်ကမ်းခြေတွေ၊ ရေတားစံနစ်တွေဟာ လဲ ပင်လယ် လှိုင်းရေကြီးခြင်းကို အကာအကွယ်ပေးနိုင်ပါတယ်။
ရေကြီးမှု ပုံစံနှင့် ကြိုတင်အသိပေးစံနစ်များ
ရေကြီးမှုဆိုတာမျိုးဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ ရေအမြင့်ကို နာရီပေါင်းများစွာကြာတော့မှ တစ်ဖြည်းဖြည်းမြင့်တက်လာတတ်တဲ့ အမျိုးနဲ့ (မြန်မာနိုင်ငံ မှာ ဒါမျိုးဖြစ်သွားတာပါ။ စံနစ်ကောင်းရင် လူပေါင်းများစွာ အသက်ချမ်းသာရာရကြမှာပါ) ရေကာတာကျိုးပေါက်တဲ့အခါမျိုးဆိုရင်တော့ ရုတ်တရက်ကို ရေတက်လာတဲ့ပုံစံမျိုးတွေဖြစ်နိုင်ပါတယ်။ သတိပေးခန့်မှန်းမှုအနေနဲ့ ပင်လယ်ကမ်းခြေဒေသမျိုးတွေမှာဆိုရင် လေပြင်းပြင်းထန်ထန် တိုက်နေပြီ၊ လှိုင်းတွေဟာ ပြင်းထန်နေပြီဆိုရင် ရေကြီးလာနိုင်တယ်ဆိုတာကို နာရီပေါင်းများစွာ ကြိုတင်ခန့်မှန်း နိုင် ကြပါတယ်။ သင့်လျော်တဲ့ တိုင်းတာမှုစံနစ်တွေနဲ့ သတိပေးချက်ပြုလုပ်နိုင်တဲ့ စံနစ်တွေရှိခဲ့ရင် လူများကို ကြို တင်နေရာရွှေ့ပြောင်းထားဘို့ကို လုံးဝလုပ်ဆောင်နိုင် ပါတယ်။ ဆူနာမီလိုလှိုင်းမျိုးတွေကတော့ မြေငလျင်လှုပ်ပြီး နာရီပိုင်း၊ သို့ မိနစ်ပိုင်းအတွင်းရောက်ရှိလာနိုင်ပါတယ်။
ရေကြီးမှုကြောင့် အပျက်စီးနိုင်ဆုံး အရာများ
ရေလွှမ်းမိုးမှုခံရသည့် လွင်ပြင်တစ်လျောက်တွင် ရှိသမျှ လူ၊ အရာဝတ္တုမှန်သမျှ ရေကြီးခြင်းကြောင့် ပျက်စီးနိုင်ပါသည်။ အုတ်မြစ်မခိုင်သော သို့ အုတ်မြစ်ခပ်တိမ်တိမ်သာ ဆောက်လုပ်ထားသော အဆောက်အအုံ များ၊ မြေအောက်ခန်းများနှင့် မြေအောက်တွင် ဆောက်လုပ်ထားသော အဆောက်အဦးများ၊ ရေဆိုးထုတ်သည့် စံနစ်၊ လျှပ်စစ်နှင့် ရေသန့်ပေးဝေသည့် စံနစ်များ၊ အီလက်ထရောနစ်နှင့် စက်ကိရိယာများ၊ ဆက်သွယ်ရေး စံနစ်များ၊ သိုလှောင်ထားရှိသည့် အစားအစာများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ မျိုးသိုလှောင်ထား သည့် သီးနှံများနှင့် စိုက်ခင်းများ ငါးဖမ်းလှေများနှင့် ရေလုပ်ငန်း များ အားလုံးပျက်စီးနိုင်ပါသည်။
ဘေးအန္တရာယ်ခံရခြင်းမှ ကာကွယ်ရန် အဓိကအကျဆုံးနည်းလမ်းများ
မြေယာအသုံးပြုမှုအား ထိန်းချုပ်ခြင်းနှင့် ရေကြီးနိုင်သည့် နေရာများတွင် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်နိုင်သည်ကို အစိုးရိမ်ရဆုံး လူ နှင့် အရာဝတ္တုများ အခြေချခြင်းမှကာကွယ် ခြင်း၊ ရေကြီးသည့် လမ်းကြောင်း များတွင် ရေစီးအား အားခုခံနိုင်သည့် အရာများတည်ဆောက်ခြင်း၊ ခြေတံရှည်အိမ်များဆောက်လုပ်ခြင်းနှင့် ရေစိမ့်ထွက်မှုမှ ကာကွယ်နိုင်သည့် အရံအတားများ ဖန်တီးတည်ဆောက်ခြင်း (စံနစ်တစ်ခုတည်ထောင်ခြင်းပါ ပါဝင်ပါသည်)။
ပြည်သူလူထုအနေနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်သည့် အချက်များမှာ
ရေကြီးပြီးတင်ကျန်နေသည့် အမှိုက်သရိုက်၊ အနယ်အနှစ်များအား ရှင်းလင်းခြင်း၊ ရေတား၊ တာတမံများတည်ဆောက်ခြင်း၊ ရေကြီးမှုဒဏ်ခံရနိုင်သည့် နေရာများအား သိရှိနားလည်ခြင်း၊ စိုက်ခင်းများအား ရေကြီးမှုမှ ခံနိုင်သည့် ပုံစံယူတည်ဆောက်ခြင်း၊ တောပြုန်းတီးမှုအား ကာကွယ်ခြင်း နှင့် သတင်းပေးခြင်း ။ နေ့တဓူဝလုပ်ငန်းဆောင်တာများတွင် ရေကြီးမှုအား သတိရှိရှိနှင့် ကာကွယ်ထားသည့် အချက်များအား လိုက်နာကျင့်ကြံခြင်း၊ ဥပမာ မြေပြင်မှ အမြင့်နေရာတွင် ညအိပ်ခြင်း၊ အစားအသောက်များအား အမြင့်တွင် ထားရှိခြင်း၊ လှေစသည့် ကယ်ဆယ်ရေးပစ္စည်းများအား ကြိုတင်အသင့်ပြင်ထားခြင်း အစရှိသည်။

1 comment:

Doughnut IO said...

ကောင်းပါတယ်။ ဒီလို သုံးသပ်မှုမျိုး လိုအပ်နေပါတယ်။ ဒါနဲ့တောင် တတိယအစုကို လူတွေ လက်မခလံကြသေးဘူးနော်။