ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်မှာ မုန်တိုင်းစတိုက်တယ်လို့ သတင်းကြားပြီဆိုကတည်းက ကိုဆူနာမီ ဇော်မျိုးကို အမေရိကန်ရဲ့ HAARP နည်းပညာအကြောင်းကို ရေးပေးဘို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ဘာမှထွက်မလာတဲ့အတွက် ကျွန်တော်တို့ တတ်သရွေ့မှတ်သရွေ့လေးရှာဖွေ တင်ပြ လိုက်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ အောက်ကရေးပြထားတာတွေကို ယုံကြည်ကြဘို့မလိုကြောင်း ကြိုတင်ပြောကြားထားပါရစေလား ခင်ဗျာ။
၁၈၆၄ ခုနှစ်မှာ ဂျိမ်း(စ်) ကလာ့ခ် မာ့(စ်)၀ဲလ် (James Clerk Maxwell) လို့ခေါ်တဲ့ စကော့လူမျိုး သင်္ချာပညာ ရှင်တစ်ဦးဟာ မှတ်သားလောက်စရာ အကြောင်းအရာတစ်ခုကို စာတမ်းရေးသားခဲ့ပါတယ်။ သူမှတ်တမ်းတင် ခဲ့တဲ့ အကြောင်းအရာကတော့ လျှပ်စစ်နဲ့ သံလိုက်စွမ်းအင်တွေ ပါဝင်တဲ့ လှိုင်းတွေ (Electric and magnetic fields) ဟာ နေရာတစ်ခုကနေ အခြားနေရာတစ်ခုကို ခရီးသွားလာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ လျှပ်စစ်သံလိုက် လှိုင်းများ ရွေ့လျား ဒြပ်မှုန်များနဲ့ စွမ်းအင်ကို ထုတ်လွှတ်နိုင်စွမ်းရှိတယ်ဆိုတဲ့ Maxwell ရဲ့ သီအိုရီ (Electronic magnetic radiation theory) ကို မှန်ကန်ကြောင်းပြခဲ့သူကတော့ ဂျာမန်လူမျိုး ရူပဗေဒပညာရှင် ဟိန်းနရစ် ဟာ့ဇ် (Heinrich Hertz) ပဲဖြစ်ကာ ၁၈၈၀ ပြည့်လွန်နှစ်များမှာ အသေးစိတ် ဓာတ်ခွဲခန်း စမ်းသပ်မှု များပြုလုပ် ကာ ပြသခဲ့ပြန်ပါတယ်။
ဒါပေမဲ့ ၁၉ရာစုနှောင်းပိုင်းအထိတိုင်အောင်အဲဒီ့ ဓာတ်ခွဲခန်းများအတွင်းမှာပဲ လေ့လာမှုပြုလုပ်ခဲ့ကြတဲ့ လျှပ်စစ်သံလိုက်လှိုင်းများရဲ့ ခရီးသွားလာ နိုင်စွမ်းကို လူအများလက်တွေ့အသုံးပြုနိုင်မယ့် ၀ါယာလက်ကြိုးမဲ့ ကြေးနန်း နည်းပညာတစ်ခု အဖြစ် ပြောင်းလဲခဲ့သူကတော့ အီတလီလူမျိုး သိပ္ပံပညာရှင်ဖြစ်သူ ဂယ်ဂလီရယ်မို မာကိုနီ ပဲဖြစ်ကာ အဲဒီ့အတွက် ကြောင့်ပဲ ဗြိတိန်နိုင်ငံပေးအပ်တဲ့ မူပိုင်ခွင့်ကို ရရှိခဲ့ပြန်ပါတယ်။ ၁၈၉၉ခုနှစ်ဟာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကာ ကြိုးမဲ့ အသံလွှင့်ပြမှုကို မာကိုနီလုပ်ပြခဲ့တဲ့ ခုနှစ်ပါ။
ကမ္ဘာ့သမိုင်းတွင်သွားစေမဲ့ အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ကမ္ဘာ့တိုက်ကြီးများအတွင်း ကြိုးမဲ့အသံလွှင့်ခြင်းကိုတော့ ဒီဇင်ဘာလ ၁၂ရက် ၁၉၀၁ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ Cornwell ဒေသက လွှင့်ထုတ်လိုက်တဲ့ လျှပ်စစ်သံလိုက် လှိုင်းတွေကို ဂရင်းဖောင်လန် ကျွန်းမှာရှိတဲ့ စိန့်ဂျွန်းမြို့ကနေ ဖမ်းယူပြခဲ့ခြင်းကို ကြို့မဲ့ကြေးနန်းစံနစ်များရဲ့ ဖခင်ကြီး မာကိုနီဟာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြန်ပါတယ်။ လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှင့်ခြင်း ကို ဦးဆောင်လမ်းပြ ခဲ့တဲ့ မာကိုနီဟာ ၁၉၀၉ခုနှစ်မှာ ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ် ခင်ဗျာ။
ကျော်ကြားလှတဲ့ မာကိုနီရဲ့ စမ်းသပ်ချက်တွေဟာ ကမ္ဘာမြေပြင်ကြီးရဲ့ ဆက်သွယ်ရေးစံနစ်တွေကို လမ်းဖွင့် ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ မာကိုနီရဲ့စမ်းသပ်မှုဟာ သိပ္ပံပညာရပ်အတွက် နောက်ထပ်ဖြေရှင်းစရာ ပုစ္ဆာများကို ချန်ထားရစ်ခဲ့ပါတော့တယ်။ အဲဒီ့အချိန်တုန်းက အထိ လျှပ်စစ်သံလိုက်လှိုင်းများ (Electro Magnetic Radiations) သွားတဲ့လမ်းကြောင်းဟာ အလင်းရဲ့ လမ်းကြောင်းနဲ့ ပုံစံတူ အဖြောင့်အတိုင်းပဲ သွားတယ်လို့ သိပ္ပံပညာရှင်များလက်ခံထားကြပါတယ်။ အဲဒီ့အတိုင်းသာမှန်ခဲ့လို့ရင် အဲဒီ့လျှပ်စစ်သံလိုက်လှိုင်းတွေ ကမ္ဘာမြေ ပြင်ပေါ်မှာ တစ်နေရာကနေတစ်နေရာကို ပေးပို့လက်ခံနိုင်တဲ့ ခရီးအကွာအဝေးဟာ အကန့်အသတ် ရှိနေပြန်ပါတယ်။ ပုံကိုကြည့်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။
လျှပ်စစ်သံလိုက်လှိုင်းတွေဟာ အဖြောင့်အတိုင်းပဲသွားတယ်ဆိုရင် ပေးပို့တဲ့ နေရာနဲ့ လက်ခံတဲ့နေရာ ကြားထဲမှာ အတားအဆီးတွေရှိနေခဲ့ရင် အဲဒီ့ လှိုင်းတွေ ပျောက်သွားနိုင်ပါတယ်။ ပြီးတော့ ပေးပို့နိုင်တဲ့ အကွာအဝေးဟာ လဲ လွှင့်ထုတ်တဲ့ တာဝါတိုင်တွေရဲ့ အမြင့်အပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ မာကိုနီလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေထဲမှာတော့ ကမ္ဘာကြီးရဲ့ စက်ဝိုင်းပုံမျက်နှာပြင် အကွေးကြီးပေါ်မှာ ဆိုရင် အဲဒီ့သံလိုက်လှိုင်း တွေကို တစ်စုံတစ်ခုက ကွေးပစ်လိုက်မှသာလျှင် ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့ တစ်ခု ဆက်သွယ်မှု လုပ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။
၁၉၀၂ခုနှစ်မှာတော့ အိုလီဗာ ဟယ်ဗီဆိုက်ဒ် (Oliver Heaviside) နဲ့ အာသာကန်နယ်လီ (Arthur Kennelly) တို့နှစ်ဦးဟာ ကမ္ဘာလေထုရဲ့ အပေါ်ဘက်မှာ ကမ္ဘာမြေပြင်ပေါ်ကနေလွှင့်ထုတ်လိုက်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေကို ပြန်ကန်လာစေတဲ့ လျှပ်ကူးနိုင်တဲ့ အလွှာတစ်ခုရှိနိုင်တယ်ဆိုတဲ့ အဆိုကို သီးခြားစီ တင်ပြခဲ့ကြပါတယ်။ အဲဒီ့အချိန်တုန်းကတော့ ကမ္ဘာလေထုအလွှာကြီးရဲ့အပေါ်မှာ လျှပ်ကူးနိုင်တဲ့အလွှာတစ်ခုရှိတယ်ဆိုချက် ကို လက်တွေ့သက်သေမပြနိုင်ခဲ့ကြပါဘူး။ တစ်ကယ်လို့ အဲဒီ့အလွှာရှိရိုးမှန်ရင် ရေဒီယိုလှိုင်းအစရှိတဲ့ သံလိုက်လှိုင်းတွေရဲ့ ဖြတ်သန်းသွားလာနိုင်မှုကို တစ်ကမ္ဘာလုံးကို ရောက်ရှိနိုင်ပြီဖြစ်ပါတယ်။ အောက်ပါပုံအတိုင်း ပေါ့။
၁၉၂၀ပြည့်နှစ်ကျော်ပိုင်း အချိန်တွေကျတော့မှာ ionosonde လို့ခေါ်တဲ့ ရေဒါတွေပေါ်ပေါက်လာခဲ့ပြီးတော့ ကမ္ဘာလေထုရဲ့အထက်မှာရှိတဲ့ အလွှာတွေအကြောင်းကို သိပ္ပံပညာရှင်များ ပိုမိုသိရှိလာကြပါတော့တယ်။
တွေ့ရှိလာခဲ့ရတဲ့ ကမ္ဘာ့လေထုအလွှာတွေကတော့ မြေမျက်နှာပြင်နေအမြင့် ၁၀ကီလိုမီတာ လောက်အထိရှိတဲ့ ထရိုပိုစဖီးယား (Troposphere) လို့ခေါ်တဲ့ လေထုအလွှာရယ်၊ အဲဒီ့အလွှာရဲ့အထက်မှာရှိတဲ့ စထရာတို စဖီးယား (Stratosphere) လို့ခေါ်တဲ့အလွှာရယ်၊ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့အပေါ် ကီလိုမီတာ ၈၀လောက်ကနေ ပြီးတော့ စပြီးတည်ရှိတဲ့ (Ionosphere) အစရှိတဲ့ အလွှာများ ပါဝင်လာပါတယ်။
ကမ္ဘာမြေကြီးကို လွှမ်းခြုံထားတဲ့ လေထုအလွှာတွေထဲမှာ မည်သည့်ဒြပ်ဝတ္တုတွေပါဝင်သလဲလို့ သိပ္ပံပညာရှင် များ လေ့လာကြတဲ့အခါမှာ မြေပြင်နဲ့ အနီးကပ်ဆုံးတည်ရှိတဲ့ ထရိုပိုစဖီးယား အလွှာထဲမှာ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်မော်လီကျူးများက အများစုနေရာယူထားပြီးတော့ ကမ္ဘာ့ရေခိုးရေငွေ့အားလုံးရဲ့ ၉၉ရာခိုင်နှုန်းဟာ လဲ ဒီအလွှာအတွင်းမှာပဲ တည်ရှိကာ နေစဉ့်ဖြစ်ပျက်နေတဲ့ ရာသီဥတု၊ သဘာဝအခြေအနေ အားလုံးဟာ ဒီထရိုပို စဖီးယားအလွှာအတွင်းမှာပဲ ဖြစ်ပျက်နေတယ်ဆိုတဲ့အကြောင်းကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ လာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဆိုတဲ့ တောင်ထိပ်ဟာ ဒီထရိုပိုစဖီးယားအလွှာအတွင်းမှာပဲ တည်ရှိနေတာ ဖြစ်ပါတယ်။ စထရာတို စဖီးယားအလွှာအတွင်းမှာတော့ အိုဇုန်းလွှာ တည်ရှိကာ Ionosphere အလွှာတွင်းမှာ တော့ အီလက်ထရွန်တွေ အများကြီးပါဝင်တဲ့ စွမ်းအားမြင့် အင်နာဂျီ ရင်းမြစ်တွေဖြစ်တဲ့ Plasma တွေဖြစ်ပေါ် တည်ရှိနေကြပါတယ်။ လျှပ်စီးလက်ခြင်းဟာ ကမ္ဘာ့လေထုထဲမှာ တည်ရှိနေတဲ့ Plasma ကို ပြသနိုင်တဲ့ ဥပမာတစ်ခုဖြစ်ပြီးတော့ ပုံမှန်လျှပ်စီးလက်ခြင်း တစ်ခုဟာ Ampere ပေါင်း၃၀၀၀၀ရှိတဲ့ ဗို့အား သန်းပေါင်း ၁၀၀နဲ့ ကျော်ကို ထုတ်လွှတ်နိုင်ကာ အဲဒီ့လျှပ်စီးအတွင်းမှာရောက်ရှိနိုင်တဲ့ အပူချိန်ကတော့ ၂၇၇၀၀ ဒီဂရီ စင်တီဂရိတ်အထိရောက်ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်များကို ဆိုထားပါတယ်။
ဒီအင်နာဂျီတွေဘယ်လိုဖြစ်ပေါ်လာရသလဲဆိုတာကို အကြမ်းမျဉ်းပြောပြရရင် ကမ္ဘာ့ရဲ့ အပေါ်ပိုင်းကို ရောက်ရှိလေလေ တည်ရှိတဲ့လေထုဟာ ပါးလာလေလေဖြစ်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်ရဲ့ စွမ်းအင်ဟာ အဲဒီ့နေရာမှာ ကမ္ဘာမြေပြင်ပေါ်က အခြေအနေထက် အများကြီးပိုပြင်းပါတယ်။ ကမ္ဘာ့မြေပြင်အနားမှာ တည်ရှိနေတဲ့ အောက်ဆီဂျင်အက်တမ်တွေဟာ အဲဒီ့ ပြင်းထန်တဲ့နေရောင်ခြည်ရဲ့ စွမ်းအင်ကြောင့် အောက်ဆီဂျင်အိုင်းယွန်းနဲ့ အီလက်ထရွန်များအဖြစ်ကူးပြောင်းသွားရာက အစပြုပြီးတော့ အိုင်ယွန်နိုစဖီးယား အလွှာ ဖြစ်တည်လာတာဖြစ်ပါတယ်။ HAARP ရဲ့ Official Website ဖြစ်တဲ့ http://www.haarp.alaska.edu/ မှာ ကျွန်တော်တို့ရေးထားတာထက် အများကြီး ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်ကြပါတယ်ခင်ဗျာ။
အမေရိကန်နိုင်ငံဟာ ဒီအိုင်ယွန်နိုစဖီးယားအလွှာကို ဘယ်လိုအသုံးချနိုင်တယ်ဆိုတာကို လေ့လာဘို့အတွက် အလက်စကာပြည်နယ် ဂါကိုနာဒေသရဲ့ မြောက်ပိုင်းမှာ ဒီ HAARP စင်တာကို ၁၉၉၃ ခုနှစ်မှာ စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီစခန်းကနေပြီးတော့ အိုင်ယွန်နိုစဖီးယားအလွှာအတွင်းကို မီဂါဟက် ၂.၈ ကနေ ၁၀ လောက်အထိရှိတဲ့ ရေဒီယို လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်ကာ အချင်းဝက်မိုင် ၃၀လောက် အထိရှိ ပြီးတော့ အမြင့်မိုင်ပေါင်း ၃၀၀လောက်မှာ စွမ်းအင်ယူနစ်ပေါင်း ၃.၃ မီဂါဝပ် လောက်ရှိတဲ့ ရေဒီယိုလှိုင်းတွေကို လွှင့်ထုတ်နိုင်တယ်လို့ အဲဒီ့စင်တာက အသိပေးထားပါတယ်။
ဒါပေမယ့် အဲဒီ့ဓာတ်ခွဲခန်း တည်ဆောက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာကို ၁၉၉၀ ပြည့်နှစ် လည်ပိုင်းတွေမှာ သိပ္ပံပညာရှင် တွေဟာ ကျယ်ကျယ်လောင်လောင် မေးခွန်းထုတ်လာခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုက သိပ္ပံပညာရှင်တစ်ချို့ဟာ သိပ္ပံပညာရပ်ဆိုင်ရာ ဂျာနယ်တွေဖြစ်တဲ့ Physics & Society အစရှိတဲ့ ဂျာနယ်တွေထဲမှာ ဒီ HAARP ဓာတ်ခွဲခန်းဟာ အာကာသအတွင်းမှာ ရှိနေတဲ့ ဂြိုဟ်တုတွေ ၊ ဒုံးပျံတွေ ကို ဖျက်ဆီးပစ်နိုင်မဲ့ နည်းပညာတွေကို စမ်းသပ်နေတယ်။ ကမ္ဘာပေါ်မှာအသုံးပြုနေတဲ့ ဆက်သွယ်ရေးစံနစ်တွေ ကို ဖျက်ဆီးပစ်နိုင်မဲ့ နည်းပညာတွေကို ဒီဓာတ်ခွဲခန်းမှာ ဖော်ထုတ်နိုင်တယ်၊ ဒီရေဒီယိုလှိုင်းတွေဟာ အိုင်ယွန်နို စဖီးယားအလွှာထဲကို စွမ်းအားမြင့်အင်နာဂျီတွေ လွှတ်တင်ထည့်လိုက်ပြီးတော့ တစ်ခြားနိုင်ငံက လွှတ်တင်လိုက် တဲ့ ဒုံးပျံအစရှိတဲ့ လက်နက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ စံနစ်တွေကို တည်ဆောက်နိုင်တယ်အစရှိသည်ဖြင့် ကျယ်ကျယ်လောင်လောင်ပြောလာကြပါတယ်။ ဒီရူပဗေဒ ပညာရှင်တွေရဲ့ စိုးရိမ်မှုတွေကို မီးလောင်ရာလေပင့် စေလိုက်တဲ့ စာအုပ်ကတော့ ၁၉၉၅ခုနှစ် စက်တင်ဘာလအတွင်းက အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် Nick Begich ရဲ့ သားဖြစ်တဲ့ Nick Begich Jr ရေးသားထုတ်ဝေခဲ့တဲ့ Angels Don't Play This HAARP: Advances in Tesla Technology စာအုပ်ပဲဖြစ်ကာ ဒီစာအုပ်ထဲမှာ ရေးသားထားတဲ့ အချက် တွေထဲကတစ်ချို့ကို ဖော်ပြရရင်တော့ ဒီစင်တာကနေတစ်ဆင့် နူကလီးယား ဗုံးတွေခွဲလိုက်တာနဲ့ ညီမျှတဲ့ စွမ်းအင်တွေကို ထုတ်လွှင့်နိုင်ပြီးကာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ရာသီဥတုအခြေအနေများကို ဆိုးဆိုးရွား ရွားပြောင်းလဲ ပစ်နိုင်တယ်။ တစ်ကမ္ဘာလုံးရဲ့ ဆက်သွယ်ရေးစံနစ်တွေအားလုံးကို ဖြတ်တောက်ပစ်နိုင်တယ် ။ မြေငလျင်ကြီးတွေကို ဖန်တီးပစ်နိုင်တယ်။ ကမ္ဘာ့မြေအောက်ထဲကို X-Ray နဲ့ ဓာတ်မှန်ရိုက်သလိုမျိုး ကြည့်ပစ် လိုက်နိုင်တယ်လို့ ရေးသားထားခဲ့ကြောင်းပါ။ (အမေရိကန်တွေလိမ်နေခြင်းဖြစ်ပါသည်၊ လုံးဝယုံကြည်ရန် မလိုပါခင်ဗျား) ဒါပေမဲ့ ဒီHAARP ပရောဂျက်အတွင်းမှာ ကိုယ်တိုင် ပါဝင်နေကြတဲ့ သိပ္ပံပညာရှင်များကတော့ ဒီစွပ်စွဲချက်တွေဟာ လုံးဝကို အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်ကြောင်း သူတို့ဒါမျိုးတွေ မလုပ်နိုင်ကြောင်းသာ ငြင်းဆန်ထားကြကြောင်း ပါခင်ဗျား။
ကျွန်တော်တို့ ကို ယခုဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်က နာဂစ်၊ တရုတ်ပြည်ကမြေငလျင် ၊ ငလျင်မတိုင်ခင် အမေရိ ကန်မှာ ကျရောက်ခဲ့တဲ့ တော်နေဒိုး မုန်တိုင်းတွေ အမေရိကန်မှာ ဒီနည်းပညာတစ်ကယ်ရှိမရှိ၊ ရုရှားမှာ ၁၉၆၀ ပြည့်နှစ်ကတည်းက ရှိခဲ့တဲ့ Sura လို့ခေါ်တဲ့ ရေဒီယိုလှိုင်းတွေနဲ့ အပူပေးတဲ့စံနစ်တွေ ဟာ ဖြစ်နိုင်သလား ၊ ယုံသလားလို့မေးရင် မယုံပါဘူးလို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့ မယုံသလဲလို့မေးရင်တော့ ကျွန်တော်တို့ဟာ ငတုံးတွေမဟုတ်ပါဘူးခင်ဗျာ။ ပျော့ပျော့နဲ့ နံတတ်တဲ့ ဆူနာမီကြောင်ချေး ပြောတတ်တဲ့ စကားအရဆိုရရင် ဒီမိုငတုံးတွေဟာ အနောက်နိုင်ငံက မီဒီယာတွေပြောသမျှယုံတတ်ကြလို့ ငတုံးတွေပါတဲ့။ နာမည်ကြီးတွေဖြစ်တဲ့ မင်းချီးတို့ အကိုကြီး စိုးမိုးထွန်းတို့ကလဲ ဗုဒ္ဓရဲ့ကာလေနတို့ အစပြုတဲ့ တရားတော်ကို ထပ်တလဲလဲ သင်ပြထားကြ လို့ ကျွန်တော်တို့ ဥာဏ်ရည်အတော်မြင့်နေကြပါပြီ။ ပြီးတော့ ကျွန်တော်တို့ဟာ ဒီမိုသမား လုံးဝ မဟုတ်ဘူးဆိုတာ ထပ်ကာ ထပ်ကာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ရဲ့ ၀က်ဘ်ထဲမှာ ဒီမိုဆိုတဲ့ စကားလုံး အခုအကြိမ်နဲ့အပါအ၀င်မှ ၃ တိတိပဲ အသုံးပြုရသေးကြောင်းပါ။
ဒါပေမယ့် ၁၉၉၇ခုနှစ် သြဂုတ်လ ၃ရက်နေ့မှာ ဖြစ်သွားခဲ့တဲ့ ဆက်သွယ်ရေးစံနစ်များ ရုတ်တရက် ပြတ်တောက်သွားခြင်းကိုHAARP က ဥပမာ ပေးထားခဲ့တဲ့ ၀က်ဘ်ဆိုက်ကလေးတစ်ခုရယ်၊ အမေရိကန် ပြည်ထောင်စုက Missile Shield ဆောက်ဘို့ကို တစ်ပြောတည်းပြောနေတာရယ် ၊ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို တရုတ်ကပစ်ချခဲ့ပြီး သိပ်မကြာခင်မှာ အမေရိကန်က ပစ်ချခဲ့တဲ့ (လူတွေကို အန္တရာယ်ပြုမှာစိုးလို့ပါလို့ အကြောင်းပြပါတယ်) အဆိပ်အတောက် ပစ္စည်းတွေပါတယ်ဆိုတယ့် ဂြိုဟ်တုတစ်လုံးရယ်၊ မြန်မာပြည် တနင်္သာရီတိုင်းမြေအောက်မှာရှိတဲ့ ကြေးနီကြောတွေကို ထိုင်းနိုင်ငံကရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေရယ်၊ ကျွန်တော်တို့ တွေ့ခဲ့ဘူးတဲ့ အာကာသထဲက လေထုအခြေအနေအတိုင်း ဖန်တီးကာ အက်တမ်များကို ဖြိုခွဲပြီးတော့ ပလပ်စမာ ထုတ်ကာ အက်တမ်ကလေးတွေကို တန်းစီတဲ့ အောက်က ဓာတ်ပုံတွေထဲက စက်ကလေးတွေရယ်အကြောင်းကိုတော့ ကိုဆူနာမီတို့၊ ၀ါးရင်းတုတ်ကြီး ကိုင်ထားတဲ့ ၀ါးလုံးခေါင်း ထဲကသွေးသောက်ကြီးမင်းချင်းတို့ ကိုအဘိဓမ္မာ စိုးမိုးထွန်းတို့ ကို ဖြေရှင်းချက်ထုတ်ခိုင်းတာသာ အကောင်းဆုံးပါပဲလို့ ပြောကြားရင်း နာဂစ်နဲ့ တရုတ်ငလျင်ကို ရွှေဘလုပ်တာ လို့ စွပ်စွပ်စွဲစွဲပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်ခင်ဗျား။

Zombies Doing Stupid Jobs |
ဦးနှောက်သင်းကွပ်ခံထားရသည့် ငတုံး Zombie ၊ မျိုးမချစ်၊ မျိုးမစစ် တစ်သက်လုံးဘ၀ပျက်ရတော့မည့် အမေရိကန်များ အက်တမ်များကို ခွဲထုတ်နိုင်သည့် စက်အား ပင်ပန်းတကြီးတပ်ဆင်နေပုံ
So Called Atom Breakers |
အမေရိကန်ပြောသမျှယုံကာ ငတုံးများ ပင်ပင်ပန်းပန်း တပ်ဆင်သွားသည့် နည်းပညာအသစ်အား စမ်းသပ်မည် ဆိုသည့် အက်တမ်ခွဲစက်ကြီး
No comments:
Post a Comment