Monday, May 12, 2008

Why the outside helps still don't come inside Myanmar

ရှုပ်ထွေးလှတဲ့ အရေးပေါ်လိုအပ်မှု အခြေအနေတွေဆိုတာ နိုင်ငံတစ်ခုရဲ့ ပြည်သူလူထုအပေါ်မှာ သတိတရား ကြီးစွာနဲ့ ဆင်ခြင်သုံးသပ်ပြီးမှ ရုပ်လုံးဖော်ယူရတာဖြစ်ပါတယ်။ ပြည်သူလူထုကို သုံးသပ်တယ်ဆိုရာမှာ သူတို့ရဲ့ လိုအပ်ချက်ကို သုံးသပ်ခြင်းမဟုတ်ပဲနဲ့ သူတို့ရှင်သန်ရပ်တည်နေခဲ့ကြတဲ့ စံနစ်တစ်ခုလုံးကိုပါ ခြုံငုံသုံးသပ်မှု ပြုပါတယ်။ အရေးပေါ်လိုအပ်မှု အခြေအနေတစ်ခု ပေါ်ပေါက်လာပြီဆိုရင်တော့ မိမိရဲ့ လိုအပ်ချက်ကို မိမိကိုယ်တိုင်ဖြည့်စွမ်းနိုင်ခြင်းနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ထုတ်လုပ်မှု အင်အား အစရှိတဲ့အချက်တွေဟာ အများကြီးကျဆင်းသွားကြပါပြီ။ အရေးပေါ်အခြေအနေမှာ စီးဆင်းလည်ပတ်နေတဲ့ လူနေမှု စံနစ်တွေ၊ ကုန်ထုတ်လုပ်မှု စံနစ်တွေဟာ လုံခြုံမှု၊ အစိုးရမှု လုံးဝမရှိနိုင်တော့ တဲ့အတွက် လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခတွေ ကို အကူအညီပေးဘို့ရယ်၊ နောက်တစ်ချိန်မှာ ပြန်လည်တည်ထောင်ရေး လုပ်ဘို့ရာမှာ လိုအပ်တဲ့ အကူအညီတွေကို ပေးအပ် ဘို့ရာအတွက် ဆန်းသစ်တဲ့ နည်းလမ်း အတွေးအခေါ်များနဲ့ ပေးအပ်ဘို့လို လာပါတယ်။ အရမ်းကို လိုအပ်တဲ့ အချက်တစ်ခုကတော့ နောင်ကာလကြာရှည်စွာ ရပ်တည်နိုင်ဘို့အတွက် မိမိရဲ့ လိုအပ်ချက်ကို မိမိကိုယ်တိုင်ဖြည့်ဆည်းနိုင်စွမ်းရည်ကို ပြုစုပျိုးထောင်ပေးနိုင်အောင် အခုချက်ခြင်း လက်ငင်းအချိန်မှာ ၀င်ရောက် စွက်ဖက်မှုကို မည်ကဲ့သို့ ပြုလုပ်မလဲဆိုတဲ့အချက်ကို ချိန်ဆခြင်းပဲ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေ (complex emergencies) တွေတိုင်းမှာ ရွေးချယ်ပြုလုပ်နိုင်တဲ့ အချက် အနည်းဆုံး (၃) ခုရှိပါတယ်။
ပထမဆုံးအချက်က ဘာမှမလုပ်ပဲ နေခြင်းပါ - ဘာဖြစ်လို့ ဘာမှမလုပ်ပဲနေရသလဲဆိုတဲ့ အကြောင်းရင်းကတော့ လုပ်ကိုင်ဆောင်ရွက်အကူအညီပေးရမဲ့ နည်းလမ်းမကျ ၊ အကူအညီ ပေးအပ်မဲ့ အစီအစဉ်တွေ စံနစ်မကျခြင်းများ၊ အကူအညီပေးလိုက်မယ်ဆိုရင် ကောင်းတာကနဲနဲ ဆိုးတာက များများ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတာမျိုးများ၊ ပေးအပ်လိုက်တဲ့ ငွေကြေး၊ အကူအညီ အစရှိတာတွေဟာ အမှန်တစ်ကယ် လိုအပ်တဲ့သူတွေဆီကို မရောက်နိုင်ခြင်း အစရှိတဲ့ အခြေအနေမျိုးတွေမှာ ဒီ ဘာအကူအညီမှ မပေးတဲ့ ရွေးချယ်မှုကို ရွေးချယ်ပါတယ်။
ဒုတိယအချက်က ပေးအပ်တဲ့ အကူအညီတွေကို အလျင်အမြန်ဖြန့်ဝေပေးလိုက်ခြင်းပါ။
နောက်ဆုံးဖြစ်နိုင်တဲ့ အချက်ကတော့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေရဲ့ ဘ၀တွေကို ကယ်တင်ပြောင်းလဲ ပစ်ဘို့အတွက် မဟာဗျူဟာ ကျကျ ၀င်ရောက်စွက်ဖက်ခြင်းပဲ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေတွေကို အကူအညီပေးတဲ့အခါမှာ အထက်ပါ အခြေခံ (၃)ရပ်စလုံးကို ပေါင်းစပ်စဉ်းစား ပြီးတော့မှ ပြုလုပ်ကြတာဖြစ်ပါတယ်။ အရေးအပေါ်အကူအညီပေးခြင်းအား လုပ်ဆောင်နေစဉ်ကာလအတွင်း မှာလဲ အထက်ပါအခြေခံအချက်များကို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးတော့ ပြောင်းလဲလာတဲ့ အခြေအနေ တွေနဲ့ အညီတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းအစီအစဉ်တွေကို ချမှတ် ဆောင်ရွက်ကြပါတယ်။ အဓိကရည်ရွယ်ချက် ကတော့ အကန့်အသတ်နဲ့ ရရှိတဲ့ အကူအညီအရင်းအမြစ်တွေရဲ့ ထိရောက်မှုကို အမြင့်ဆုံးလုပ်နိုင်အောင်နဲ့ ဘေးဒဏ်ခံရတဲ့ ပြည်သူ အရေအတွက်နဲ့ ဒုက္ခတွေကို နည်းနိုင်သမျှနည်းအောင်စွမ်းဆောင်ခြင်းသာဖြစ်ပါတယ်။
အရေးပေါ်လိုအပ်တဲ့ အခြေအနေမျိုးတွေကို အကူအညီပေးဘို့ ချဉ်းကပ်မှုပြုလုပ်တဲ့ နည်းလမ်းတွေဟာ မိမိတာဝန် မိမိယူနိုင်မှုနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ကုန်ထုတ်စွမ်းရည်ကို မြှင့်တင်ရာမှာ အသုံးပြုတဲ့ သီအိုရီတွေ အပေါ်မှာ အခြေခံထားပါတယ်။ အကူအညီပေးဘို့ အခြေခံထားတဲ့ မူဝါဒတွေ အလေးပေးထားတဲ့ အချက်တွေ ကတော့
  • ခိုင်မာတဲ့ လေ့လာသုံးသပ်ထားရှိမှုများ
  • အများကလက်ခံနိုင်မှုကို တည်ဆောက်ရရှိနိုင်ရန် သေချာခြင်း
  • သက်ဆိုင်လျောက်ပတ်တဲ့ ထောက်ခံမှုများ
  • အရေးပါတဲ့ အရင်းအမြစ်များကို ထိန်းသိမ်းခြင်း
  • ဘေးရန် နဲ့ကြုံတွေ့နေရတဲ့သူတွေရဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ဖြေလျော့ပေးခြင်း
  • ၀င်ရောက်စွက်ဖက်မှုဟာ အချိန်ကိုက်ရှိခြင်း
  • အန္တရာယ်ဖြစ်နိုင်လောက်စရာ လူတွေရွှေ့ပြောင်းမှု ပြုလုပ်ခြင်းအား ကန့်သတ်ခြင်းနဲ့
  • ကြာရှည်တည်တံ့ ခိုင်မြဲနိုင်မဲ့ စံနစ်များ တည်ထောင်ပေးသွားခြင်းတွေပဲ ဖြစ်ပါတယ်

အရေးပေါ်အခြေအနေ (Complex Emergencies) တွေဟာ မဟာဗျူဟာကျကျ သုံးသပ်လေ့လာခြင်း၊ ဆုံးဖြတ်ခြင်းနဲ့ ၀င်ရောက်စွက်ဖက်ခြင်းတွေ ပြုလုပ်ဘို့ရာ လိုအပ်ပါတယ်။ အထက်ပါ အခြေခံအချက်ရှစ်ရပ် အပေါ်မှာ မူတည်ပြီးတော့ အရေးပေါ်အခြေအနေတွေကို ပညာသားပါပါ ၀င်ရောက်စွက်ဖက်နိုင်ဘို့အတွက် လုပ်ငန်းလုပ်စဉ်တွေကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။ သူခိုးကို ဓားရိုးကမ်းသလိုမျိုး ဖြစ်နေမှာ စိုးတဲ့အတွက် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ မဖော်ပြလိုတော့ပါဘူး။

ကျွန်တော်တို့နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မြန်မာပြည်သူလူထုရဲ့ ရှင်သန်ရပ်တည်နေတဲ့ စံနစ်၊ အခြေအနေတွေ ၊ ခံယူမှုတွေဟာ မဟာဗျူဟာ သုံးသပ်မှုတစ်ခုရဲ့အောက်ကို ရောက်ရှိလာပြီဆိုရင်တော့ မြန်မာနိုင်ငံပြောင်းလဲဘို့ဟာ သိပ်မကြာတော့ဘူးလို့ ဆိုချင်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေ မြန်မာနိုင်ငံအတွင်းကို လျင်လျင်မြန်မြန်ခြင်း ရောက်ရှိမလာသေးတာ၊ အမေရိကန်အစရှိတဲ့နိုင်ငံများက မြန်မာနိုင်ငံတွင်းကို ၀င်ရောက်စွက်ဖက်မှု မပြုလုပ်သေးတာ စတဲ့အချက်များဟာ အရေးပေါ်အခြေအနေ တစ်ခုခုကို ကိုင်တွယ်တော့မယ်ဆိုရင် အရမ်းကို အရေးကြီးတဲ့အချက်ဖြစ်တဲ့ မဟာဗျူဟာ သုံးသပ်မှုကို ပြုလုပ်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံတွင်းကို နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်ရလိုက်ပြီဆိုရင်တော့ မြန်မာနိုင်ငံဟာ မပြောင်းလဲလို့ကို မရတော့ဘူး ဆိုတာ ရဲရဲကြီးပြောကြားရင်း ၊ မိမိယူရမဲ့တာဝန်များအတွက် နိုးကြားစွာနဲ့ အဆင်သင့်ရှိနေကြဘို့ ပန်ကြားရင်းနဲ့ အဆုံးသတ် လိုက်ပါတယ်ခင်ဗျား

No comments: